တရုတ်နိုင်ငံက လပေါ်မှ ကျောက်တုံးကဲ့သို့ နမူနာများကို စုဆောင်းရယူသွားရန် စီစဥ်ထားပါတယ်။

တရုတ်နိုင်ငံက လပေါ်မှ ကျောက်တုံးနမူနာများ ရယူရန် လွှတ်တင်လိုက်တဲ့ Chang'e-5 အာကာသယာဥ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။

(Chang'e-5 ရဲ့ ကင်မရာဖြင့် ရိုက်ကူးထားသည့် လမျက်နှာပြင်ပုံရိပ်) (Photo: Xinhua)

Chang'e-5 ဟာ ကြိုတင်ရွေးချယ်ထားတဲ့ လပေါ်ရှိ ဆင်းသက်ဧရိယာမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန China News Service က အာကာသအေဂျင်စီမှ တာဝန်ရှိသူတွေကို ကိုးကားပြီး ပြောခဲ့ပါတယ်။ China News Service ရဲ့ သတင်းမှာ လမျက်နှာပြင်ပေါ်သို့ Chang'e-5 ဆင်းသက်ရောက်ရှိကြောင်း ဖော်ပြထားပြီး အခြား အသေးစိတ်ကိုတော့ မပြောထားပါဘူး။



Chang'e-5 အာကာသယာဥ်ဟာ Oceanus Procellarum လို့ သိထားကြတဲ့ လမျက်နှာပြင် နယ်မြေအတွင်းရှိ Mons Rümker ခေါ် နေရာအနီးမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသယာဥ်က နောက်ထပ် ရက်အတန်ကြာ လမျက်နှာပြင်ပေါ်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပြီး ပတ်ဝန်းကျင်အခြေအနေကို လေ့လာဆန်းစစ်ပြီး လပေါ်မှ ကျောက်တုံးကဲ့သို့ နမူနာများကို စုဆောင်းရယူသွားမယ်လို့ သိရပါတယ်။

(လမျက်နှာပြင်ပေါ်သို့ Chang'e-5 ရောက်ရှိစဥ်) (Photo: Xinhua/NEWS.CN)

လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က လေ့လာဆန်းစစ်ရန်အတွက် အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ကြဖူးပါတယ်။ တရုတ်က လပေါ်မှ ကျောက်တုံးနမူနာကို ကမ္ဘာမြေပြင်သို့ ယူဆောင်နိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာရန် ရည်မှန်းထားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ Chang'e-5 အာကာသယာဥ်ကို Long March 5 ဒုံးပျံဖြင့် Wenchang လွှတ်တင်ရေးစခန်းကနေ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ လပေါ်သို့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ စီစဥ်ထားတဲ့အတိုင်း အဆင်ပြေခဲ့ပါက Chang'e-5 ဟာ လာမယ့် ဒီဇင်ဘာလလယ်မှာ ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။

(လပေါ်သို့ Chang'e-5 နဲ့ Apollo ဆင်းသက်ခဲ့သည့် နေရာများ)

အဆင့်ဆင့် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်မှာ လကိုလှည့်ပတ်မယ့်ယာဥ်၊ လပေါ်သို့ ဆင်းသက်-ပြန်တက်ယာဥ်နဲ့ နောက်ဆုံးမှာ ကျောက်တုံးနမူနာကို ပြန်လည်သယ်ဆောင်ပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ဆင်းသက်လာမယ့် အာကာသယာဥ်အခန်းတို့ ပါဝင်ပါတယ်။ တရုတ်နိုင်ငံက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း လကမ္ဘာသို့ခရီးစဥ်များ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ရာ ယခု ကျောက်တုံးနမူနာများ ရယူသွားရန် ကြိုးပမ်းအားထုတ်မှုအပေါ် ယုံကြည်မှုမြင့်မားစွာရှိထားပါတယ်။ တရုတ်နိုင်ငံက Chang'e-4 အာကာသယာဥ်ကို ၂၀၁၉ ခုနှစ်အတွင်း လပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က