၂၀၂၂ ခုနှစ်အထိ ကြာမြင့်လိမ့်မယ်လို့ ကျွမ်းကျင်သူအဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

ဂျာမနီနိုင်ငံရဲ့ လူဦးရေအားလုံးကို COVID-19 ကာကွယ်ဆေးထိုးနှံဟာ ဆောင်ရွက်နိုင်မှု ကန့်သတ်ချက်တွေကြောင့် ၂၀၂၂ ခုနှစ်အထိ ကြာမြင့်လိမ့်မယ်လို့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

(Photo: Reuters)

ထိုအဖွဲ့က ဂျာမနီမှာ ကာကွယ်ဆေး အလှည့်ကျထိုးနှံသွားမယ့် လူအုပ်စုကို ကူညီဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ "တစ်ရက်ကို လူ ၁၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ပြီး တစ်ပတ်မှာ ငါးရက် သို့မဟုတ် ခြောက်ရက် ထိုးပေးတယ်ဆိုခဲ့ရင် လူဦးရေအားလုံးအတွက် ဘယ်လောက်ကြာမယ်ဆိုတာ တွက်ကြည့်နိုင်ပါတယ်" လို့ ကာကွယ်ဆေးအသုံးပြုမှုဆိုင်ရာ ဂျာမနီကျွမ်းကျင်သူအဖွဲ့ STIKO ရဲ့ အကြီးအကဲ သောမတ်စ်မာတင်းစ်က Rheinische Post သတင်းစာကို ပြောပါတယ်။



(Photo: NEWS.CN/Xinhua)

"လူဦးရေ ၁၅ သန်းကို ကာကွယ်ဆေးထိုးဖို့ ရက် ၁၀၀ ကြာပါလိမ့်မယ်" လို့ သောမတ်စ်က ပြောခဲ့ကြောင်း Rheinische Post သတင်းစာက ဖော်ပြထားတဲ့ အင်တာဗျူးအကျဥ်းချုပ်အရ သိရှိရပါတယ်။ လူဦးရေ ၈၃ သန်းကျော်ရှိတဲ့ ဂျာမနီက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမယ့် နေရာတွေကို အလျင်အမြန် ပြင်ဆင်နေပြီး ဥရောပမှာ ကာကွယ်ဆေးတစ်ခု ခွင့်ပြုချက်ရခဲ့ပါက ထိုးနှံမှုများ အမြန်ဆုံး စတင်နိုင်ရန် စီစဥ်ဆောင်ရွက်နေပါတယ်။

ဂျာမနီဟာ ဥရောပမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတွေအနက်ပါဝင်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁ သန်းကျော်၊ သေဆုံးသူ ၁၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၇၇၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။ Moderna နဲ့ Pfizer-BioNTech ကာကွယ်ဆေးနှစ်ခုက ဥရောပနဲ့ အမေရိကန်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေပါတယ်။


ဥရောပဆေးဝါးဌာနက Pfizer-BioNTech ကို ဒီဇင်ဘာ ၂၉ ရက်မှာလည်းကောင်း၊ Moderna ကို ဇန်နဝါရီ ၁၂ ရက်မှာလည်းကောင်း ခွင့်ပြုချက်ပေးမယ့်ကိစ္စ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း ဗြိတိန်နိုင်ငံ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန် ကြီးကြပ်ရေးဌာနက Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်ပြီး လာမယ့် သီတင်းပတ်အတွင်း ထိုးနှံမှုတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးက COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က