၁၈၅၀ ခုနှစ်မှာ စတင်မှတ်တမ်းတင်ခဲ့ချိန်မှစပြီး ဒုတိယ အပူနွေးဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။

ယခုနှစ်ဟာ ၂၀၁၆ ခုနှစ်ပြီးလျှင် ဒုတိယ အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂရဲ့ မိုးလေဝသဆိုင်ရာအဖွဲ့အစည်း World Meteorological Organization (WMO) က ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

အပူလှိုင်းကျရောက်မှုများ၊ မိုးခေါင်မှုများ၊ တောမီးလောင်မှု‌များနဲ့ ဟာရီကိန်းမုန်တိုင်းများ ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ လက်ရှိ အချက်အလက်တွေအရ ၁၈၅၀ ခုနှစ်မှာ စတင်မှတ်တမ်းတင်ခဲ့ချိန်မှစပြီး ဒုတိယ အပူနွေးဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။ "၂၀၂၀ က ကမ္ဘာတစ်ဝန်း မှတ်တမ်းအရ အပူနွေးဆုံး ခုနှစ်သုံးခုအနက် တစ်ခုအပါအဝင် ဖြစ်လာဖို့များပါတယ်" လို့ ဂျနီဗာမြို့အခြေစိုက် WMO က ၎င်းရဲ့ State of the Global Climate in 2020 အစီရင်ခံစာမှာ ပြောထားပါတယ်။



အလွန်ပူပြင်းမှုကြောင့် ဩစတြးလျ၊ ဆိုက်ဘေးရီးယားနဲ့ အမေရိကန်တို့မှာ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်း မီးခိုးများ ပျံ့နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ပင်လယ်သမုဒ္ဒရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ပင်လယ်ပြင် အပူလှိုင်းကြုံခဲ့ရတယ်လို့လည်း WMO က ပြောပါတယ်။

(Photo: AFP)

"ကံမကောင်းစွာနဲ့ ၂၀၂၀ က ကျွန်တော်တို့ရဲ့ ရာသီဥတုအတွက် နောက်ထပ် သာမန်ထက်လွန်ကဲတဲ့နှစ် ဖြစ်ခဲ့ပါတယ်" လို့ WMO အထွေထွေအတွင်းရေးမှူး Petteri Taalas က ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေ ပိုဖြစ်တဲ့ ထုတ်လွှတ်မှုတွေ လျှော့ချရေး ပိုမိုအားထုတ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

"၂၀၂၀ အတွင်း ပျမ်းမျှ ကမ္ဘာ့အပူချိန်က စက်မှုမတိုင်မီကထက် ၁.၂ ဒီဂရီဆဲလ်စီးယပ် ပိုမြင့်တက်လာဖို့ရှိပါတယ်၊ ၂၀၂၄ ခုနှစ်ကျရင် ဒီလိုအပူချိန်မြင့်တက်တာက ၁.၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်လာနိုင်ခြေ အနည်းဆုံး ငါးပုံတစ်ပုံရှိပါတယ်" လို့ Petteri Taalas က ပြောပါတယ်။

(Photo: Reuters)

WMO ရဲ့ အဆိုအရ ၂၀၂၀ ဟာ မှတ်တမ်းတွေ စတင်ပြုစုခဲ့ချိန်မှစပြီး ဒုတိယ အပူဆုံးနှစ်ဖြစ်လာမှာဖြစ်ပေမဲ့ အပူဆုံးခုနှစ်သုံးခုကြား ကွာခြားချက်မှာ သေးငယ်ကြောင်းနဲ့ ယခုနှစ်ရဲ့ အပြီးသတ် အချက်အလက်တွေ ထွက်ပေါ်လာချိန်မှာ အပြောင်းအလဲရှိလာနိုင်ကြောင်း သိရပါတယ်။ လက်ရှိ အချက်အလက်တွေအရ ၂၀၁၅ မှ ၂၀၂၀ ခုနှစ်အထိ ခြောက်နှစ်ဟာ အပူနွေးဆုံး ခုနှစ်ခြောက်ခု ဖြစ်လာနိုင်ပါတယ်။ WMO ရဲ့ ၂၀၂၀ ခုနှစ် ရာသီဥတု အပြီးသတ် အစီရင်ခံစာကို လာမယ့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။



က္က