လက်ရှိမှာတော့ တိရိစ္ဆာန်တွေမှာ စမ်းသပ်နေပါတယ်။

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ ဇီဝနည်းပညာကုမ္ပဏီ Regeneron တို့က COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုကို ကာကွယ်ပေးမယ့် နှာခေါင်းဖြန်းဆေးတစ်ခု ပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ မျိုးဗီဇကုထုံးကို တီထွင်ဖန်တီးရန်အတွက် လေ့လာနေကြောင်း သိရပါတယ်။

(Photo: AFP)

သိပ္ပံပညာရှင်တွေရဲ့ စိတ်ကူးအရ မျိုးဗီဇပြုပြင်ဖန်တီးထားပြီး အားနည်းတဲ့ ဗိုင်းရပ်စ်တစ်ခုကို နှာခေါင်းနဲ့ လည်ချောင်းထဲရှိ ဆဲလ်များအတွင်းသို့ နှာခေါင်းဖြန်းဆေးဖြင့် ပို့ဆောင်ပေးပါတယ်။ ထို့နောက် ခန္ဓာကိုယ်အတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် မဝင်စေရန် တားဆီးပေးတဲ့ အားကောင်းသော ပဋိပစ္စည်းများကို ဖန်တီးပေးတာ ဖြစ်ပါတယ်။



"ကျွန်တော်တို့ ချဥ်းကပ်မှုရဲ့ အားသာချက်က ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်သင်ကြားစရာ မလိုအပ်ပါဘူး" လို့ ယခု ပရော့ဂျက်ကို ဦးဆောင်နေသူ ဆေးပညာပါမောက္ခ ဂျိမ်းစ်ဝီလ်ဆင်က AFP သတင်းကို ပြောပါတယ်။ ယခု နည်းပညာကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေကြောင်းနဲ့ အောင်မြင်ခဲ့ပါက လူတွေရဲ့ နှာခေါင်းထဲသို့ ဆေးတစ်ကြိမ်ဖြန်းထားခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ခြောက်လခန့် ကာကွယ်ပေးနိုင်ကြောင်း ဝီလ်ဆင်က ယုံကြည်ထားပါတယ်။

(Photo: Regeneron/AP)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ထဲသို့ နှာခေါင်းမှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ရာ နှာခေါင်းဖြန်းဆေးက နှာခေါင်းလမ်းကြောင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်နိုင်မယ်လို့ ဆိုပါတယ်။ COVID-19 အတွက် လက်မောင်းမှာထိုးနှံရတဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝန်း အပြိုင်အဆိုင် ထုတ်လုပ်နေကြပြီး နှာခေါင်းဖြန်းဆေးဖြင့် ကာကွယ်ရန်စိတ်ကူးက တစ်မူထူးခြားဆန်းသစ်နေပါတယ်။

လက်ရှိအချိန်အထိ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ Moderna ၊ ရုရှားထုတ် Sputnik V နဲ့ ဗြိတိန်ထုတ် Oxford-AstraZeneca ကာကွယ်ဆေးတွေက နောက်ဆုံးအဆင့်စမ်းသပ်မှု ရလဒ်များအရ COVID-19 ကို ၇၀ မှ ၉၅ ရာခိုင်နှုန်းကြား ကာကွယ်မှုပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။ Pfizer-BioNTech နဲ့ Moderna ကို ဥရောပနဲ့ အမေရိကန်မှာ ခွင့်ပြုချက်စောင့်ဆိုင်းနေပါတယ်။

(Photo: News18)

ဗြိတိန်ကတော့ Pfizer-BoiNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး ကာကွယ်ဆေး ပထမအသုတ် လက်ခံရပြီလို့ ဆိုပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ၎င်းတို့ရဲ့ ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးကို လူအမြောက်အမြားအား ထိုးနှံပေးမှုတွေ လာမယ့် သီတင်းပတ်မှာ စတင်ဆောင်ရွက်ရန် ဒီဇင်ဘာ ၂ ရက်နေ့မှာ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာလည်း ခရစ်စမတ်မတိုင်မီ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုး ရရှိလာနိုင်မယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က