လပေါ်မှာ စိုက်ထူခဲ့တဲ့ တရုတ်အလံကို အပူချိန်လျော့ကျတဲ့ဒဏ်ကို ကာကွယ်နိုင်မှုကဲ့သို့ အထူးပြုစီမံမှုများဖြင့် လုပ်ဆောင်ထားပါတယ်။

တရုတ်က လပေါ်မှာ နိုင်ငံအလံ စိုက်ထူနိုင်တဲ့ ကမ္ဘာ့ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

(လပေါ်မှာ ပျံသန်းနေသည့် Chang'e-5 ရဲ့ လပေါ်သို့ဆင်းသက်/ပျံတက်ယာဥ်)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်မှာ အမေရိကန်က လပေါ်မှာ နိုင်ငံအလံ စိုက်ထူခဲ့ပြီး ထိုသို့လုပ်ဆောင်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းထားခဲ့တာ ဖြစ်ပါတယ်။ လမျက်နှာပြင်ပေါ်မှာ ပထမဆုံး နိုင်ငံအလံ စိုက်ထူနိုင်ခဲ့တဲ့ အမေရိကန်က ၁၉၆၉ ခုနှစ်အတွင်း လပေါ်သို့သွားရောက်ခဲ့တဲ့ အပိုလို ၁၁ (Apollo 11) အာကာသခရီးစဥ်အတွင်း စိုက်ထူခဲ့တာ ဖြစ်ပါတယ်။



အမေရိကန်က လပေါ်သို့သွားရောက်တဲ့ ၁၉၇၂ ခုနှစ်အထိ အာကာသခရီးစဥ်တွေမှာ နောက်ထပ် နိုင်ငံအလံငါးခုကို လမျက်နှာပြင်ပေါ်မှာ စိုက်ထူးခဲသေးတတယ်လို့ ဆိုပါတယ်။ ယခုအခါ တရုတ်ရဲ့ China National Space Administration (CNSA) က ထုတ်ပြန်ပြသခဲ့တဲ့ ပုံတွေအရ ကြယ်ငါးပွင့်ပါ အနီရောင် တရုတ်နိုင်ငံတော်အလံကို လေတိုက်ခတ်မှုမရှိတဲ့ လမျက်နှာပြင်ပေါ်မှာ စိုက်ထူထားတာ တွေ့ခဲ့ရပါတယ်။

(CNSA က ထုတ်ပြန်ခဲ့သည့် လပေါ်မှ တရုတ်အလံ)

အဆိုပါ ဓာတ်ပုံကို လပေါ်မှ ကျောက်တုံးနမူနာများ ရယူရန် တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ Chang'e-5 အာကာသယာဥ်မှ ကင်မရာဖြင့် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Chang'e-5 ဟာ လပေါ်မှ နမူနာများကို စုဆောင်းရယူပြီးနောက် ကြာသပတေးနေ့ (ဒီဇင်ဘာ ၃ ရက်) မှာ လမျက်နှာပြင်ကနေ ကမ္ဘာမြေပြင်သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီလို့ သိရပါတယ်။

တရုတ်ရဲ့ ယခင် လပေါ်သို့ အာကာသခရီးစဥ်နှစ်ခုမှာတော့ ယခုတစ်ကြိမ်ကဲ့သို့ လမျက်နှာပြင်ပေါ်မှာ နိုင်ငံအလံ စိုက်ထူနိုင်ခဲ့ခြင်း မရှိပါဘူး။ လပေါ်မှာ ယခု စိုက်ထူခဲ့တဲ့ တရုတ်နိုင်ငံတော်အလံဟာ အကျယ် ၆ ပေခွဲနဲ့ အမြင့် ၂ ပေခွဲရှိတယ်လို့ ဆိုပါတယ်။

(လပေါ်သို့ဆင်းသက်/ပျံတက်ယာဥ်ရဲ့ ကင်မရာဖြင့် ရိုက်ကူးထားသည့် တရုတ်အလံ)

လပေါ်မှာ စိုက်ထူခဲ့တဲ့ တရုတ်အလံရဲ့ အစိတ်အပိုင်းအားလုံးကို အပူချိန်လျော့ကျတဲ့ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်မှုကဲ့သို့ အထူးပြုစီမံမှုများဖြင့် လုပ်ဆောင်ထားကြောင်း စီမံကိန်းခေါင်းဆောင် Li Yunfeng က Global Times သတင်းဌာနကို ပြောပါတယ်။ "ကမ္ဘာမြေပြင်မှာ သုံးနေကျ ပုံမှန်အလံတွေက လမျက်နှာပြင်ပေါ်က ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အကောင်းအတိုင်းရှိမနေနိုင်ပါဘူး" လို့ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သူ Cheng Chang က ဆိုပါတယ်။ 

တရုတ်နိုင်ငံရဲ့ Chang'e-5 အာကာသယာဥ်ကို Long March 5 ဒုံးပျံဖြင့် Wenchang လွှတ်တင်ရေးစခန်းကနေ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ လပေါ်သို့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ Chang'e-5 အာကာသယာဥ်ဟာ Oceanus Procellarum လို့ သိထားကြတဲ့ လမျက်နှာပြင် နယ်မြေအတွင်းရှိ Mons Rümker ခေါ် နေရာအနီးမှာ ဒီဇင်ဘာ ၁ ရက်နေ့က ဆင်းသက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

(လပေါ်မှ Chang'e-5 ပြန်လည်ထွက်ခွာမှု သရုပ်ဖော်ပုံ)

လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က လေ့လာဆန်းစစ်ရန်အတွက် အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ကြဖူးပါတယ်။ တရုတ်က လပေါ်မှ ကျောက်တုံးနမူနာကို ကမ္ဘာမြေပြင်သို့ ယူဆောင်နိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာရန် ရည်မှန်းထားခဲ့ပါတယ်။ လမျက်နှာပြင်ပေါ်မှ ကျောက်တုံးကဲ့သို့ နမူနာများ စုဆောင်းရယူလာခဲ့တဲ့ Chang'e-5 ဟာ လာမယ့် ဒီဇင်ဘာလလယ်မှာ ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က