အောက်စီဂျင်ပြန်ဖြည့်ထားတဲ့ အိုးတွေ အချိန်မီရောက်ရှိရန် ပို့ဆောင်မပေးနိုင်ခဲ့စဥ် လူနာတွေ သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဟာဝါ (Peshawar) မြို့ရှိ အကြီးဆုံး ဆေးရုံတစ်ရုံမှာ အောက်စီဂျင်အိုး ပြတ်လပ်မှုကြောင့် COVID-19 လူနာ ခုနစ်ဦး သေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။

(Photo: EPA)

Khyber Teaching ဆေးရုံ ပြောခွင့်ရအမျိုးသား ဖာဟတ်ဒ်ခန်းရဲ့ အဆိုအရ ဆေးရုံသို့ အောက်စီဂျင်အိုးများ ပေးသွင်းနေသူက အောက်စီဂျင်ပြန်ဖြည့်ထားတဲ့ အိုးတွေ အချိန်မီရောက်ရှိရန် ပို့ဆောင်မပေးနိုင်ခဲ့စဥ် စနေနေ့ (ဒီဇင်ဘာ ၅ ရက်) ညပိုင်းမှာ လူနာတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆေးရုံဟာ ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဟာဝါမြို့မှာ ဒုတိယအကြီးဆုံး ဆေးရုံလည်း ဖြစ်ပါတယ်။



ဆေးရုံသို့ အောက်စီဂျင်အိုးများ ပေးသွင်းသူဟာ ထိုမြို့နဲ့ ၁၁၈ မိုင် ‌ဝေးကွာတဲ့ ရာဝယ်လ်ပင်ဒီ (Rawalpindi) မြို့မှဖြစ်ကြောင်း ဖာဟတ်ဒ်ခန်းက ဆိုပါတယ်။ ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဝန်ကြီး Taimur Saim Jhagra က ယခုဖြစ်ရပ်အကြောင်း Twitter မှာ ရေးသားခဲ့ပြီး ဆေးရုံအုပ်ချုပ်မှုအဖွဲ့ကို အပြည့်အစုံ စုံစမ်းစစ်ဆေးရန်နဲ့ တာဝန်ရှိသူတွေကို ၄၈ နာရီအတွင်း အရေးယူရန် ညွှန်ကြားထားကြောင်း ပြောထားပါတယ်။

(Photo: EPA)

ဆေးရုံဖြစ်ရပ်နဲ့ ပတ်သက်ပြီး အချက်အလက် အားလုံးကို အများပြည်သူသို့ ထုတ်ပြန်သွားမယ်လို့လည်း ဝန်ကြီးက ကတိပြုခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ အောက်စီဂျင်ပြတ်လပ်ပြီး လူနာသေဆုံးမှုတွေဖြစ်ခဲ့တဲ့ အစိုးရဆေးရုံမှ ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်းများကို တာဝန်မှဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

လူဦးရေ သန်း ၂၂၀ ခန့်ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၁၆,၅၀၀ နီးပါးနဲ့ သေဆုံးသူ ၈,၃၆၁ ဦးရှိခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ ကူးစက်ခံရသူ အရေအတွက်ဟာ စစ်ဆေးနိုင်မှု အကန့်အသတ်ရှိတာကြောင့် အမှန်တစ်ကယ် ကူးစက်ခံရသူ အရေအတွက်ထက် လျော့နည်းနိုင်တယ်လို့ ခန့်မှန်းကြကြောင်း AP က ဖော်ပြပါတယ်။ ပါကစ္စတန်မှာ လူ ၅.၈ သန်းခန့် သို့မဟုတ် နိုင်ငံလူဦးရေရဲ့ ၂.၆ ရာခိုင်နှုန်းခန့်ကို COVID-19 စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က