အင်ဒိုနီးရှားက တရုတ်ကုမ္ပဏီ Sinovac Biotech ထံမှ ကာကွယ်ဆေး ၁.၂ သန်းကို လက်ခံရရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ပထမဆုံးအသုတ်ကို ဒီဇင်ဘာ ၆ ရက်နေ့မှာ လက်ခံရရှိခဲ့ပြီး အစိုးရအနေနဲ့ အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ပြင်ဆင်နေကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ပြောခဲ့ပါတယ်။

(အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ) (Photo: CNBC)

တရုတ်နိုင်ငံရဲ့ Sinovac Biotech ကုမ္ပဏီထံမှ ကာကွယ်ဆေး ၁.၂ သန်းကို လက်ခံရရှိခဲ့ကြောင်း ဂျိုကိုဝီက ဆိုပါတယ်။ Sinovac ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စမ်းသပ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နောက်ထပ် ကာကွယ်ဆေး ၁.၈ သန်းကို လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ ရရှိရန် စီစဥ်ထားကြောင်း အင်ဒိုနီးရှားသမ္မတက ဆိုပါတယ်။



တရုတ်ထုတ် Sinovac ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ဘရာဇီးနဲ့ တူရကီတို့မှာလည်း လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ဘရာဇီးမှာ စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေကို ဒီဇင်ဘာလလယ်မှာ သိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားက ပြည်တွင်းမှာ ကာကွယ်ဆေး ၁၅ သန်း ထုတ်လုပ်ရန် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကိုလည်း ယခုလအတွင်း လက်ခံရရှိမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

ထို့အတူ လာမယ့် ဇန်နဝါရီလမှာလည်း ကာကွယ်ဆေး သန်း ၃၀ ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ လက်ခံရရှိမယ်လို့ သမ္မတဂျိုကိုဝီက ပြောခဲ့ပါတယ်။ ဂျိုကိုဝီ အစိုးရက လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားမှာ ကာကွယ်ဆေးဖြန့်ဝေမှုအတွက် ဆက်လက်ပြင်ဆင်နေစဥ်မှာ နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကြီးကြပ်‌ရေးဌာနက Sinovac ကာကွယ်ဆေးကို စစ်ဆေးခွင့်ပြုချက်ပေးရန် လိုအပ်နေပါသေးတယ်။

"ပြည်နယ်အချို့မှာ ကာကွယ်ဆေးအစီအစဥ်အတွက် လနဲ့ချီကြာ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ပြင်ဆင်နေခဲ့ပါတယ်၊ ခွင့်ပြုချက်ပေးချိန်မှာ ကာကွယ်ဆေးထိုးတာကို ကျွန်တော်တို့ စတင်နိုင်တာ သေချာပါတယ်၊ အားလုံး အဆင့်သင့်ဖြစ်နေပါလိမ့်မယ်" လို့ သမ္မတဂျိုကိုဝီက ပြောခဲ့ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လတ်တလော သီတင်းများအတွင်းမှာလည်း ကူးစက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ဒီဇင်ဘာ ၆ ရက်အထိ စာရင်းတွေအရ ကူးစက်ခံရသူ ၅၇၅,၇၀၀ ကျော်နဲ့ သေဆုံးသူ ၁၇,၇၄၀ ဦးရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က