ဂြိုဟ်တုမှတစ်ဆင့် ထိန်းချုပ်နိုင်တဲ့ စက်သေနတ်တစ်လက်ဖြင့် AI နည်းပညာသုံးပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံရဲ့ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်ကို ဂြိုဟ်တုမှတစ်ဆင့် ထိန်းချုပ်နိုင်တဲ့ စက်သေနတ်တစ်လက်ဖြင့် AI (‌artificial intelligence) နည်းပညာသုံးပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) တပ်မှူးက အတည်ပြု ပြောကြားလိုက်ပါတယ်။

(အီရန်နျူကလီးယားသိပ္ပံပညာရှင် Mohsen) (Photo: AFP/Official Khamenei Website)

ထင်ရှားတဲ့ အီရန်နျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh ဟာ နိုဝင်ဘာ ၂၇ ရက်နေ့က တီဟီရန်မြို့တော် အပြင်ဘက်မှာ ကားတန်းဖြင့်သွားလာနေစဥ် ၎င်းလိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) မှာ တပ်မှူး ဗိုလ်မှူးချုပ် Ali Fadavi က လက်နက်နဲ့ပတ်သက်ပြီး ဒေသခံမီဒီယာကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။



ပစ်ကပ်ကားတစ်စီးထဲမှာ တပ်ဆင်ထားတဲ့ စက်သေနတ်ဖြင့် သိပ္ပံပညာရှင် Mohsen ကို အချက်ရေအများအပြား ပစ်ခတ်ခဲ့ပြီး ၎င်းရဲ့ဘေးမှာရှိနေတဲ့ ဇနီးဖြစ်သူကို ကျည်ဆန်ထိမှန်ခဲ့ခြင်း မရှိဘူးလို့ တပ်မှူးကဆိုပါတယ်။ နိုင်ငံရဲ့ အရေးပါတဲ့ နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရမှုအတွက် အီရန်က အစ္စရေးနဲ့ အတိုက်အခံ ပြည်ပြေးအုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

(Photo: Reuters)

သိပ္ပံပညာရှင် Mohsen ကို လုပ်ကြံခဲ့မှုမှာ အစ္စရေးနဲ့ အတိုက်အခံ ပြည်ပြေးအုပ်စုက အထူးစီစဥ်ထားတဲ့ နည်းလမ်းများသုံးပြီး အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန် Supreme National Security Council အကြီးအကဲ Ali Shamkhani ကလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ မှတ်ချက်ပြုထားခဲ့ပါတယ်။ အစ္စရေးနိုင်ငံကတော့ ယခုလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း အတည်ပြုခြင်း မရှိသလို ငြင်းဆိုခဲ့ခြင်းလည်း မရှိပါဘူး။

သိပ္ပံပညာရှင် Mohsen ဟာ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဥ်ကို လျှို့ဝှက်ဦးစီးဆောင်ရွက်နေခဲ့ကြောင်း အစ္စရေးနိုင်ငံက စွပ်စွဲခဲ့ဖူးပါတယ်။ Nissan ပစ်ကပ်အမျိုးအစား ကားတစ်စီးပေါ်မှာ စက်သေနတ်ကို တပ်ဆင်ထားပြီး ဂြိုဟ်တုမှတစ်ဆင့် ထိန်းချုပ်ကာ AI နည်းပညာဖြင့် သိပ္ပံပညာရှင် Mohsen ကိုသာ ပစ်မှတ်အဖြစ် ရွေးချယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် Ali Fadavi က ရှင်းပြပါတယ်။

နျူကလီးယားသိပ္ပံပညာရှင် Mohsen ရဲ့ မျက်နှာကို‌ AI နည်းပညာသုံးပြီး ရွေးချယ်ခဲ့ကာ ပစ်မှတ်အဖြစ် ပစ်ခတ်ခဲ့ကြောင်းနဲ့ ၎င်းနဲ့အတူ ၁၀ လက်မမျှအကွာမှာရှိနေတဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးချုပ်က ဖြည့်စွက်ပြောပါတယ်။ Mohsen ဟာ ၂၀၀၀ ပြည့်လွန် နှစ်များအတွင်း အီရန်ရဲ့ နျူကလီးယားအစီအစဥ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အီရန်အစိုးရကတော့ ၎င်းရဲ့ နျူကလီးယားအစီအစဥ်တွေဟာ ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ချက်သာဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့ပါတယ်။

အနောက်အုပ်စုနဲ့ အစ္စရေးကဲ့သို့ နိုင်ငံတွေကတော့ အီရန်က နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် လျှို့ဝှက်ကြိုးပမ်းလုပ်ဆောင်နေခဲ့တယ်လို့ ယုံကြည်ထားပါတယ်။ နျူကလီးယားသိပ္ပံပညာရှင် Mohsen လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီနဲ့ သမ္မတဟတ်ဆန်ရိုဟာနီတို့က လက်တုံ့ပြန်သွားမယ်လို့ ပြောကြားထားခဲ့ပြီး ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုများ မြင့်တက်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က