နေ့စဥ် ကူးစက်မှုအသစ် အရေအတွက် ဂဏန်းသုံးလုံးပမာဏ မြင့်တက်လာနေခဲ့တာ တစ်လရှိပြီ ဖြစ်ပါတယ်။
Ko John

တောင်ကိုရီးယားမှာ ယခုနောက်ဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံရဲ့ အကြီးဆုံး COVID-19 ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန် ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ထိတွေ့မှုရှိသူများ ခြေရာခံ ရှာဖွေခြင်းကို တိုးချဲ့လုပ်ဆောင်ရန် သမ္မတမွန်ဂျေအင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

(တောင်ကိုရီးယားသမ္မတ မွန်‌ဂျေအင်း) (Photo: Yonhap)

တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ဒီဇင်ဘာ ၆ ရက် ညသန်းခေါင်အချိန် ထုတ်ပြန်ခဲ့မှုအရ ကူးစက်ခံရသူ ၆၁၅ ဦး တိုးလာခဲ့ပြီး နေ့စဥ် ကူးစက်မှုအသစ် အရေအတွက် ဂဏန်းသုံးလုံးပမာဏ မြင့်တက်လာနေခဲ့တာ တစ်လကြာပြီ ဖြစ်ပါတယ်။

ယခုအခါ သီးခြားခွဲထားရှိတဲ့ အတည်ပြုလူနာ ၈,၃၁၁ ဦးရှိနေပြီး အများဆုံးဖြစ်လာခဲ့ပါတယ်။ သမ္မတမွန်ဂျေအင်းက အစိုးရအနေနဲ့ ကူးစက်မှုတွေကို ခြေရာခံဖော်ထုတ်ရန် ဖြစ်နိုင်သမျှ အရင်းအမြစ်တိုင်းကို စေလွှတ်လုပ်ဆောင်ရန် ညွှန်ကြားထားပါတယ်။

(Photo: AFP)

ဒါ့အပြင် စစ်တပ်နဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို ဖြန့်ကျက်ပြီး ဗိုင်းရပ်စ်စစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ရန်လည်း မွန်‌‌ဂျေအင်းက ညွှန်ကြားထားတယ်လို့ သမ္မတအိမ်ပြာတော် ပြောခွင့်ရအမျိုးသား Chung Man-ho က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗိုင်းရပ်စ်စစ်ဆေးတဲ့ နေရာတွေမှာ စစ်ဆေးချိန်တွေကို တိုးမြှင့်သတ်မှတ်ပြီး အလုပ်လုပ်ကိုင်နေသူတွေ အဆင်ပြေစေရေး ဆောင်ရွက်ကြရန်နဲ့ ကားများဖြင့် လာရောက်စစ်ဆေးနိုင်တဲ့ နေရာများကိုလည်း ပိုမိုစီစဥ်သင့်ကြောင်း သမ္မတက ဖြည့်စွက်မှာကြားခဲ့တယ်လို့ Chung Man-ho က ဆိုပါတယ်။

(Photo: AFP)

တောင်ကိုရီးယားမှာ နောက်ဆုံး စစ်ဆေးခဲ့မှုအရ ကူးစက်ခံရသူ တွေ့ရှိရမှုနှုန်းဟာ ယခင်က ပျမ်းမျှ ၁.၂ ရာခိုင်နှုန်းမှ ၄.၂ ရာခိုင်နှုန်း ဖြစ်လာခဲ့ပါတယ်။ လာမယ့် သီတင်းပတ်မှစပြီး ဗိုင်းရပ်စ်စစ်တဲ့ နေရာတွေမှာ ဗိုင်းရပ်စ်စစ်ရန် လိုအပ်တဲ့နမူနာများ ပိုမိုလွယ်ကူစွာ ရယူနိုင်တဲ့ Saliva စစ်ဆေးကိရိယာတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်စစ်ဆေးရန် လိုအပ်တဲ့နမူနာများ ရယူရာမှာ အခက်အခဲအချို့ ကြုံနေရမှုကို လျှော့ချရန်မျှော်လင့်ပြီး Saliva စစ်ဆေးကိရိယာများ အသုံးပြုခြင်းဖြစ်ကြောင်း KDCA လက်ထောက်ညွှန်ကြားရေးမှူး Na Seong-woong က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ Saliva ကိရိယာဖြင့် စစ်ဆေးမှုရလဒ် တိကျမှန်ကန်မှုအပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေရာ ဗိုင်းရပ်စ်စစ်တဲ့နေရာတွေမှာ Antigen test စစ်ဆေးမှုဖြင့်လည်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ ယခုသီတင်းပတ်အတွင်း နေ့စဥ် ကူးစက်မှုအသစ်များ ၅၅၀ မှ ၇၅၀ ကြား ရှိနေနိုင်ကြောင်းနဲ့ လာမယ့် သီတင်းပတ်မှာတော့ နေ့စဥ် ကူးစက်မှုအသစ် ၉၀၀ အထိ များလာနိုင်ကြောင်း Na Seong-woong က ခန့်မှန်းခဲ့ပါတယ်။ "ဒီအကျပ်အတည်းက အခုအချိန်ထိ စိုးရိမ်စရာအကောင်းဆုံးပဲ" လို့ ၎င်းကဆိုပါတယ်။

လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေက ကူးစက်မှုကိန်းဂဏန်းတွေကို မထိန်းချုပ်ခဲ့ရင် ဆေးဘက်ဆိုင်ရာ ပြိုလဲမှုတစ်ခုကို ဦးတည်သွားနိုင်ကြောင်း Na Seong-woong က သတိပေးခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၈,၁၆၁ ဦး တွေ့ရှိခဲ့ရပြီး ၅၄၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က