နာမကျန်းဖြစ်သူတွေအနက် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ်မှာ လူတစ်ဦး သေဆုံးပြီး ရာနဲ့ချီ ဆေးရုံတက်ရတဲ့ ထူးဆန်းတဲ့ နာမကျန်းဖြစ်မှု အကြေင်းရင်းကို ကျန်းမာရေးကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေပြီး အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

(Photo: EPA)

နာမကျန်းဖြစ်သူတွေရဲ့ သွေးနမူနာတွေကို ကနဦး စစ်ဆေးမှုတွေအရ သွေးတွင်းမှာ ခဲနဲ့ နီကယ် ပမာဏမြင့်မားနေကြောင်း တွေ့ရှိခဲ့ရတယ်လို့ အာဏာရပါတီ Bharatiya Janata မှ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။ အိန္ဒိယအာဏာပိုင်တွေက ယခု နာမကျန်းဖြစ်မှုတွေဟာ ပိုးသတ်ဆေးနဲ့ ခြင်းဆေးတွေမှာ အသုံးပြုတဲ့ organochlorine ကြောင့် ဖြစ်နိုင်ခြေကိုလည်း စုံစမ်းစစ်ဆေးနေခဲ့တယ်လို့ ဆိုပါတယ်။



အင်ဒရာပရာဒက်ရှ်ပြည်နယ် Eluru မြို့မှ ထူးထူးဆန်းဆန်း နာမကျန်းဖြစ်ပြီး ဆေးရုံရောက်ခဲ့သူ ၅၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဆေးရုံရောက်ခဲ့သူတွေထဲမှ ၃၀၀ ဦး ဟာ ဆေးရုံဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်းနဲ့ ၁၉ ဦးကိုတော့ ပိုမိုကောင်းမွန်တဲ့ ကုသမှုအတွက် ပြည်နယ်အတွင်းရှိ အခြား ဆေးရုံများသို့ ရွှေ့ပြောင်းခဲ့ကြောင်း BBC သတင်းက‌ ဖော်ပြပါတယ်။

(Photo: EPA)

အင်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် Jaganmohan Reddy က ထူးဆန်တဲ့ နာမကျန်းဖြစ်မှုကြောင့် Eluru အစိုးရဆေးရုံမှာ တက်ရောက်နေရတဲ့ လူနာများထံ လာရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ကျွမ်းကျင်သူတွေက Eluru မြို့ကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ရန် ရောက်ရှိလာမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဒေသခံမီဒီယာကို ပြောခဲ့ပါတယ်။

ထူးဆန်းတဲ့ နာမကျန်းမှုဖြစ်တဲ့ လူနာတွေဟာ မအီမသာဖြစ်ပြီး ပျို့အန်ချင်မှုကနေ လဲကျပြီး သတိမေ့တဲ့အထိ ရောဂါလက္ခဏာများရှိခဲ့ကြတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အင်ဒရာပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နေရာတစ်ခုဖြစ်နေပြီး ကူးစက်ခံရသူ ၈၀၀,၀၀၀ ကျော်ရှိခဲ့ရာ နိုင်ငံရဲ့ တတိယမြောက် ကူးစက်မှုအများဆုံး ပြည်နယ်လည်းဖြစ်ပါတယ်။

(Photo: PTI)

သို့သော် ယခု နာမကျန်းဖြစ်တဲ့ လူနာတွေကို COVID-19 စစ်ဆေးခဲ့ရာမှာတော့ ကူးစက်ခံရခြင်းမရှိကြောင်း အဖြေထွက်ခဲ့ပြီး ဆက်နွယ်မှုမရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီး Alla Kali Krishna Srinivas က ပြောထားပါတယ်။ လူနာတွေရဲ့ သွေးနမူနာတွေကို စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထောက်အထား တစ်စုံတရာ မတွေ့ခဲ့ရဘူးလို့ ၎င်းကဆိုပါတယ်။

အိန္ဒိယဟာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်နေရဆဲအချိန်မှာ ယခု နာမကျန်းဖြစ်မှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ထိုသို့ နာမကျန်းဖြစ်ပြီး ဆေးရုံသို့ရောက်လာသူ အများအပြားဟာ ပြန်လည်သက်သာသွားကြပြီး ဆေးရုံကနေ အလျင်အမြန် ဆင်းနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က