ပရိဘောဂဒီဇိုင်းဘာသာရပ် အထူးပြုကျောင်းသားရဲ့ တီထွင်ကြံဆမှုက ချီးကျူးစရာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်မှုအဖြစ် mask အမျိုးမျိုးတပ်ပြီး သွားလာနေထိုင်ရန် လိုအပ်လျက်ရှိရာ နေ့စဥ်နဲ့အမျှ စွန့်ပစ်နေကြတဲ့ တစ်ခါသုံး mask များကြောင့် အမှိုက်ရှုပ်ပွလာမှုက စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားနိုင်ငံမှာလည်း အဆိုပါ တစ်ခါသုံး mask အမှိုက်ပြဿနာရှိနေပါတယ်။ ထိုပြဿနာကို တစ်ခါသုံး mask များဖြင့် ခြေထောက်သုံးချောင်းပါ ခွေးခြေထိုင်ခုံတွေ ဖန်တီးထုတ်လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း တောင်ကိုရီးယားကျောင်းသားတစ်ဦးက လက်တွေ့ပြသခဲ့ပါတယ်။ တောင်ကိုရီးယား ပရိဘောဂဒီဇိုင်းဘာသာရပ် အထူးပြုကျောင်းသား Kim Ha-neul ရဲ့ တီထွင်ကြံဆမှုက ချီးကျူးစရာဖြစ်ပါတယ်။



တစ်ခါသုံး mask တွေကို polypropylene ခေါ် ပလတ်စတစ်တစ်မျိုးဖြင့် ပြုလုပ်ထားပြီး mask တွေကို အရည်ပျော်စေပြီးနောက် ပုံစံသွင်းကာ ခွေးခြေထိုင်ခုံများ ဖန်တီးထုတ်လုပ်နိုင်ကြောင်း Kim Ha-neul က လက်တွေ့ပြခဲ့ပါတယ်။ Kim Ha-neul က "Stack and Stack" လို့ခေါ်‌‌ဝေါ်တဲ့ ခွေးခြေထိုင်ခုံတစ်လုံး ပြုလုပ်ရန်အတွက် တစ်ခါသုံး mask အရေအတွက် ၁,၅၀၀ လိုအပ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"ပလတ်စတစ်က ပြန်လည်သုံးစွဲနိုင်တာမျိုးပါ၊ ဒါဆိုရင် mask တွေကို ကျွန်တော်တို့ ဘာကြောင့် ပြန်မသုံးကြတာလဲ၊ ဒါတွေက ပလတ်စတစ်နဲ့ လုပ်ထားတာတွေပါ" လို့ အသက် ၂၃ နှစ်အရွယ် Kim Ha-neul က ပြောပါတယ်။ Kim Ha-neul က ဆိုးလ်မြို့တောင်ဘက် Uiwang မြို့ရှိ ၎င်းရဲ့တက္ကသိုလ်ကျောင်း Kaywon University of Art and Design မှာ တစ်ခါသုံး mask များ စုဆောင်းရယူနိုင်ရန် ဇွန်လအတွင်း ပုံးတစ်ခု စတင်ထားရှိခဲ့ပါတယ်။

ပလတ်စတစ်က ပြန်လည်သုံးစွဲနိုင်တာမျိုးပါ၊ ဒါဆိုရင် mask တွေကို ကျွန်တော်တို့ ဘာကြောင့် ပြန်မသုံးကြတာလဲ၊ ဒါတွေက ပလတ်စတစ်နဲ့ လုပ်ထားတာတွေပါ

ထို့နောက် တက္ကသိုလ်ကနေ အသုံးပြုပြီးသား mask အရေအတွက် ၁၀,၀၀၀ နဲ့ စက်ရုံတစ်ခုကနေလည်း အနာအဆာပါတဲ့ mask အလေးချိန် တစ်တန်ကျော် စုဆောင်းရရှိခဲ့ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုအန္တရာယ် လျော့နည်းစေရန် Kim Ha-neul က အသုံးပြုပြီးသား mask တွေကို လေးရက်ကြာ ကိုင်တွယ်ထိတွေ့ခြင်းမပြုဘဲ သိမ်းထားခဲ့ပါတယ်။

(Photo: Reuters)

ထို့နောက် mask တွေမှာပါတဲ့ ကြိုးများကို ဖယ်ရှားပြီး အပူးပေးကိရိယာသုံးကာ အပူချိန် ၃၀၀ ဒီဂရီဆဲလ်စီးယပ်ဖြင့် ပုံစံခွက်ထဲမှာ mask တွေကို အရည်ဖျော်ပါတယ်။ ထိုသို့ အဆင့်ဆင့် ပြုလုပ်ပြီးနောက် အဖြူရောင်၊ ပန်းရောင်၊ အပြာရောင်နဲ့ အနက်ရောင် mask များကနေ အမြင့် ၁ ပေခွဲနီးပါးရှိတဲ့ ခြေထောက်သုံးချောင်းပါ ခွေးခြေထိုင်ခုံတွေ ဖြစ်လာခဲ့ပါတယ်။ Kim Ha-neul က mask များဖြင့် ပြလုပ်ထားတဲ့ ခွေးခြေထိုင်ခုံတွေကို ၎င်းရဲ့ဘွဲ့ယူပြပွဲမှာ ပြသသွားခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ပြန်လည်သုံးစွဲနိုင်တဲ့ တစ်ခါသုံး mask တွေကနေ ကုလားထိုင်၊ စားပွဲ သို့မဟုတ် ပေါ့ပါးတဲ့ပစ္စည်းများကဲ့သို့ အခြား ပရိဘောဂတွေ ပြုလုပ်သွားရန် Kim Ha-neul က မျှော်လင့်ထားပါတယ်။ Kim Ha-neul က အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း တစ်ခါသုံး mask များထည့်ရန် သီးခြား အမှိုက်ပုံများထားရှိပေးပြီး စုဆောင်းရယူကာ ပြန်လည်သုံးစွဲရန် တိုက်တွန်းခဲ့ပါတယ်။

(Photo: Reuters)

အစိုးရအချက်အလက်တွေအရ စက်တင်ဘာတစ်လတည်းမှာပင် တောင်ကိုရီးယားမှာ ပြည်တွင်းသုံးရန်အတွက် mask အရေအတွက် တစ်ဘီလီယံကျော် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ Kim Ha-neul ဖန်တီးထုတ်လုပ်ခဲ့တဲ့ ခွေးခြေထိုင်ခုံတွေကို လက်ရှိအချိန်အထိ ရောင်းချရန်မဟုတ်ပေမဲ့ အတန်းဖော် ကျောင်းသူကျောင်းသားတွေက ၎င်းရဲ့စိတ်ကူးကို သဘောကျနှစ်သက်ခဲ့ကြပါတယ်။ 

တောင်ကိုရီးယားဟာ ကနဦး COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အခြားနိုင်ငံတွေက စံနမူနာယူခဲ့ကြရပေမဲ့ လတ်တလော သီတင်းများအတွင်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၆၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က