တစ်နှစ်နီးပါးအတွင်း ကမ္ဘာ့လူဦးရေ သန်း ၇၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) မနက်ပိုင်းမှာ သန်း ၇၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်နီးပါးအကြာမှာ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၇၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၅ သန်းကျော် (၁,၅၈၇,၅၆၄ ဦး) သေဆုံးခဲ့ပြီး ၄၉ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



COVID-19 နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှု အနည်းဆုံး ခြောက်လကြာ မဖြစ်နိုင်ဟု လေ့လာမှုအသစ်ကဆို

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၆၅ သန်း ကျော်လွန်ခဲ့တာဖြစ်ပြီး ၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၁,၅၁၁,၇၈၁ ဦးမှ ၉ ရက်အတွင်း ၇၅,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၇၀ ကျော်အနက် ၁၉ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၆ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၉၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန်မှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှု၊ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့ကက COVID-19 ကြောင့် အမေရိကန်မှာ တစ်ရက်အတွင်း သေဆုံးသူဦးရေ ပထမဆုံးအကြိမ် ၃,၀၀၀ ကျော်လွန်ခဲ့ကြောင်း သိရပါတယ်။ ကာကွယ်ဆေးထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်မီ လာမယ့် လများအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာနိုင်ကြောင်း အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

(Photo: AFP)

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉.၇ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၄၂,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၆.၇ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၇၉,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

လူတိုင်း Mask တပ်ခြင်းဖြင့် lockdown တွေကို ရှောင်လွဲနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲပြော

ဥရောပနိုင်ငံတွေမှာ ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ပြင်သစ်နိုင်ငံက သီတင်းခြောက်ပတ်ကြာ lockdown သတ်မှတ်ထားမှုကို ရုပ်သိမ်းသွားမှာဖြစ်ပေမဲ့ နှစ်သစ်ကူးအကြိုည အပါအဝင် ည ၈ နာရီမှစပြီး ညမထွက်ရအမိန့်ထုတ်မယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာတော့ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ စတင်နေပြီဖြစ်ပြီး Pfizer-BioNTech ကာကွယ်ဆေးများ ထိုးပေးနေပါတယ်။

(Photo: Reuters)

ယခုအခါ ကမ္ဘာတစ်ဝန်းမှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲနဲ့ လုပ်ဆောင်ပြီးခဲ့တဲ့ အလားအလာကောင်းတဲ့ ကာကွယ်ဆေးများ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ ၎င်းတို့အနက် Pfizer-BioNTeh ၊ Moderna ၊ Sputnik V ၊ Oxford-AstraZeneca ကာကွယ်ဆေးတွေဟာ COVID-19 ကို အနိမ့်ဆုံး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Sinovac နဲ့ Sinopharm ကဲ့သို့ ကာကွယ်ဆေးတွေကလည်း အလားအလာကောင်းတွေရှိနေပါတယ်။

ကာကွယ်ဆေးတွေ အလားအလာကောင်းနေပေမဲ့လည်း လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကို ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်ဆေးထုတ်လုပ်ရန် အမေရိကန်သိပ္ပံပညာရှင်များ လေ့လာနေ

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၃၂၁ ဦးနဲ့ သေဆုံးသူ ၂၇ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၀၄,၄၈၇ ဦး၊ သေဆုံးသူ ၂,၂၀၁ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၈၂,၈၁၃ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၉,၄၇၃ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က