လက်ရှိ ကြုံတွေ့နေရတဲ့ ကူးစက်မှုလှိုင်းဟာ ပြင်းထန်တဲ့ အကျပ်အတည်းတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေပြီး ဆိုးလ်မြို့တော်မှာ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီပေးရန် စစ်တပ်စေလွှတ်သွားမယ်လို့ သိရပါတယ်။

(Photo: Reuters)

ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) စာရင်းတွေအရ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၆၈၉ ဦး တိုးလာခဲ့ပြီး သေဆုံးမှုနဲ့ ရောဂါပြင်းထန်မှုကြောင့် ဆေးရုံတက်ရတဲ့ လူနာဦးရေလည်း မြင့်တက်လာပါတယ်။ ကူးစက်မှုတွေ ပြန်မြင့်တက်လာခြင်းက ကနဦးမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် နိုင်ငံတကာက စံနမူနာအဖြစ် ရည်ညွှန်းပြောခဲ့တဲ့ တောင်ကိုရီးယားရဲ့ နည်းစနစ်အောင်မြင်မှုကို ထိုးနှစ်ချက်တစ်ရပ် ဖြစ်လာပါတယ်။



ယနေ့ တွေ့ရှိရတဲ့ ကူးစက်မှုအသစ်တွေအနက် ၆၇၃ ဦးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၀,၇၈၆ ဦးနဲ့ သေဆုံးသူ ၅၇၂ ဦးရှိပြီဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ထုတ်ပြန်ပါတယ်။

(Photo: AFP)

တောင်ကိုရီးယားက lockdown သတ်မှတ်ရမှုကို ‌ရှောင်ရှားနိုင်ရန် ကူးစက်မှုရှာဖွေဖော်ထုတ်ခြင်း၊ ဗိုင်းရပ်စ်စစ်ဆေးခြင်းနဲ့ သီးခြားခွဲပြီး အသွားအလာကန့်သတ်ထာခြင်းတို့ဖြင့် ယခင် ကူးစက်မှုလှိုင်းတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နွေရာသီကာလတစ်လျှောက်မှာ တောင်ကိုရီးယားရဲ့ နေ့စဥ် ကူးစက်မှုကို ၅၀ အောက်ဖြင့် ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုနောက်ဆုံး ကူးစက်မှုလှိုင်း တစ်ကျော့ပြန် ဖြစ်ပွားရာမှာတော့ ယခင်ကထက် ပိုမိုဆိုးရွားခဲ့ပြီး တောင်ကိုရီးယားအာဏာပိုင်တွေက ဆေးရုံကုတင်တွေကို ကွန်တိန်နာများထဲမှာ ပြင်ဆင်လာခဲ့ရပါတယ်။ လက်ရှိမှာ COVID-19 ရောဂါပြင်းထန်တဲ့ လူနာအရေအတွက် ၁၇၀ နီးပါးရှိလာပြီး ကျန်းမာရေးတာဝန်ရှိသူတွေက နိုင်ငံတစ်ဝန်း နောက်ထပ် ဆေးရုံကုတင်များ တိုးချဲ့စီစဥ်ရန် ကြိုးပမ်းနေပါတယ်။

(Photo: Reuters)

လက်ရှိ ကြုံတွေ့နေရတဲ့ ကူးစက်မှုလှိုင်းဟာ ပြင်းထန်တဲ့ အကျပ်အတည်းတစ်ခုဖြစ်ကြောင်းနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်း ၈၀၀ ကို COVID-19 ကူးစက်လူနာ ဖြစ်နိုင်ခြေရှိသူများအား ရှာဖွေရေးမှာ ပါဝင်ကူညီစေမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က အတည်ပြုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ လုပ်ဆောင်နေသူတွေဟာ နေ့စဥ် များပြားလှတဲ့ အလုပ်တာဝန်များဖြင့် ရုန်းကန်နေကြရကြောင်း Chung Sye-kyun က အစိုးရအဖွဲ့ အစည်းအ‌‌ဝေးမှာ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက Pfizer-BioNTech ကာကွယ်ဆေး သန်း ၂၀ ဝယ်ယူရန် စီစဥ်ထားပြီး ယခုအခါ အဆိုပါ ကာကွယ်ဆေးများ သိုလှောင်ထားရှိမယ့် အလွန်အေးခဲတဲ့ အထူးဂိုထောင်များ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

Pfizer-BioNTech ကာကွယ်ဆေးဟာ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အထိ အေးခဲသိမ်းဆည်းထားရန် လိုအပ်ပါတယ်။ တောင်ကိုရီးယားက Moderna နဲ့ Oxford-AstraZeneca ကာကွယ်ဆေးနှစ်မျိုးကိုလည်း အရေအတွက် သန်း ၂၀ ဝယ်ယူရန် သဘောတူညီမှုရရှိထားပြီး နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်မျိုးကိုလည်း Johnson & Johnson ကုမ္ပဏီထံမှ အလုံးရေ ၄ သန်း ဝယ်ယူသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က