ခပ်ခွာခွာနေရမယ့် ကန့်သတ်ချက်တွေကို အတင်းကျပ်ဆုံးအဆင့် ဆောင်ရွက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

တောင်ကိုရီးယားမှာ ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၉၅၀ ဦး တိုးလာခဲ့ရာ နေ့အလိုက် စံချိန်တင် အများဆုံးဖြစ်လာပြီး သမ္မတမွန်ဂျေအင်းက နိုင်ငံရဲ့ ကူးစက်မှုတတိယလှိုင်းဟာ အရေးပေါ်အခြေအနေဖြစ်ကြောင်း ပြောခဲ့ပါတယ်။

(Photo: AP)

ယခင်က တောင်ကိုရီးယားမှာ နေ့အလိုက်ကူးစက်မှု အများဆုံးအဖြစ် ဖေဖေါ်ဝါရီလနှောင်းပိုင်းက တစ်ရက်အတွင်း ကူးစက်ခံရသူအသစ် ၉၀၉ ဦး တွေ့ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာ သတ်မှတ်ခြင်းမရှိသေးပေမဲ့ လူအချင်းချင်း ခပ်ခွာခွာနေရမယ့် စည်းမျဥ်းကန့်သတ်ချက်တွေကို အတင်းကျပ်ဆုံးအဆင့် ဆောင်ရွက်လာနိုင်ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။



သောကြာနေ့ (ဒီဇင်ဘာ ၁၁ ရက်) က တောင်ကိုရီးယားမှာ အသစ်တွေ့ရှိရတဲ့ ကူးစက်မှုတွေအနက် ၉၂၈ ဦးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ၂၂ ဦးကတော့ ပြည်ပကူးစက်မှုများဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ယနေ့ ထုတ်ပြန်ပါတယ်။

ယခုအခါ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ ၄၁,၇၃၆ ဦးနဲ့ သေဆုံးသူ ၅၇၈ ဦးရှိပြီ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိရတဲ့ ပြည်တွင်းကူးစက်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လူဦးရေ ၅၂ သန်းရှိတဲ့ ဆိုးလ်မြို့တော်နဲ့ အနီးပတ်ဝန်းကျင် နေရာများမှဖြစ်တယ်လို့ ဆိုပါတယ်။ "ဒါက တစ်ကယ့်ကို အရေးပေါ်အခြေအနေတစ်ရပ်ပါ" လို့ သမ္မတမွန်ဂျေအင်းက ပြောခဲ့ပါတယ်။

(Photo: Pool/Reuters)

သမ္မတမွန်‌ဂျေအင်းက ဆိုးလ်မြို့တော်ဧရိယာ အပါအဝင် ကူးစက်မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီပေးမယ့် စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းများ စေလွှတ်ရန် ညွှန်ကြားထားပါတယ်။ တောင်ကိုရီးယားမှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေမှုကြောင့် ဗိုင်းရပ်စ်စစ်ဆေးရေး အစီအစဥ်များကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့လုပ်ဆောင်သွားမယ်လို့လည်း မွန်‌‌ဂျေအင်းက ဆိုပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး COVID-19 ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန် ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ထိတွေ့မှုရှိသူများ ခြေရာခံရှာဖွေခြင်းကို တိုးချဲ့လုပ်ဆောင်ရန် သမ္မတမွန်ဂျေအင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်တွန်း ပြောကြားထားခဲ့ပါတယ်။ ကူးစက်မှုတွေ ပြန်မြင့်တက်လာခြင်းက ကနဦးမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် နိုင်ငံတကာက စံနမူနာအဖြစ် ရည်ညွှန်းပြောခဲ့တဲ့ တောင်ကိုရီးယားရဲ့ နည်းစနစ်အောင်မြင်မှုကို ထိုးနှစ်ချက်တစ်ရပ် ဖြစ်လာပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားက lockdown သတ်မှတ်ရမှုကို ‌ရှောင်ရှားနိုင်ရန် ကူးစက်မှုရှာဖွေဖော်ထုတ်ခြင်း၊ ဗိုင်းရပ်စ်စစ်ဆေးခြင်းနဲ့ သီးခြားခွဲပြီး အသွားအလာကန့်သတ်ထာခြင်းတို့ဖြင့် ယခင် ကူးစက်မှုလှိုင်းတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နွေရာသီကာလတစ်လျှောက်မှာ တောင်ကိုရီးယားရဲ့ နေ့စဥ် ကူးစက်မှုကို ၅၀ အောက်ဖြင့် ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုနောက်ဆုံး ကူးစက်မှုတတိယလှိုင်း ဖြစ်ပွားလာခဲ့ရာမှာတော့ ယခင်ကထက် ပိုမိုဆိုးရွားခဲ့ပြီး တောင်ကိုရီးယားအာဏာပိုင်တွေက ဆေးရုံကုတင်တွေကို ကွန်တိန်နာများထဲမှာ ပြင်ဆင်လာခဲ့ရပါတယ်။ လက်ရှိမှာ COVID-19 ရောဂါပြင်းထန်တဲ့ လူနာအရေအတွက် နေ့စဥ် တိုးလာနေပြီး ကျန်းမာရေးတာဝန်ရှိသူတွေက နိုင်ငံတစ်ဝန်း နောက်ထပ် ဆေးရုံကုတင်များ တိုးချဲ့စီစဥ်ရန် ကြိုးပမ်းနေပါတယ်။ ထပ်မံသိရတဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ စာရင်းအရအရ တောင်ကိုရီးယားမှာ နောက်ထပ် ကူးစက်ခံရသူ ၁,၀၃၀ တိုးလာခဲ့ပြီး စံချိန်သစ် ထပ်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားနိုင်ငံက Pfizer-BioNTech ကာကွယ်ဆေး သန်း ၂၀ ဝယ်ယူရန် စီစဥ်ထားပြီး ယခုအခါ အဆိုပါ ကာကွယ်ဆေးများ သိုလှောင်ထားရှိမယ့် အလွန်အေးခဲတဲ့ အထူးဂိုထောင်များ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားက Moderna နဲ့ Oxford-AstraZeneca ကာကွယ်ဆေးနှစ်မျိုးကိုလည်း အရေအတွက် သန်း ၂၀ ဝယ်ယူရန် သဘောတူညီမှုရရှိထားပါတယ်။

နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်မျိုးကိုလည်း Johnson & Johnson ကုမ္ပဏီထံမှ အလုံးရေ ၄ သန်း ဝယ်ယူသွားရန် တောင်ကိုရီးယားက စီစဥ်နေပါတယ်။ တောင်ကိုရီးယားနဲ့ အိမ်နီးချင်း ဂျပန်နိုင်ငံမှာလည်း ယနေ့မှာ ကူးစက်ခံရသူအသစ် ၃,၀၄၁ ဦး တိုးလာခဲ့ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ် နေ့အလိုက် ကူးစက်မှု ၃,၀၀၀ ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က