တရုတ်ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဘာရိန်းနိုင်ငံက တရုတ်အစိုးရကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုချက်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။



(Photo: Reuters)

ဘာရိန်းက အစောပိုင်းမှာ Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ဒုတိယမြောက် COVID-19 ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘာရိန်းအစိုးရသတင်းဌာနက ဖော်ပြမှုအရ တရုတ်အစိုးရပိုင် China National Pharmaceutical Group (Sinopharm) က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို နိုင်ငံမှာ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

ဘာရိန်းက အစောပိုင်းမှာ ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံက ထုတ်ပြန်ထားသကဲ့သို့ပင် Sinopharm ကာကွယ်ဆေး စမ်းသပ်မှုရဲ့ အသေးစိတ်အချက် အနည်းငယ်မျှကိုသာ ဖော်ပြခဲ့ပါတယ်။ ယူအေအီးက ၎င်းတို့နိုင်ငံမှာ ဇူလိုင်လအတွင်းမှစပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့တဲ့ Sinopharm ကာကွယ်ဆေးဟာ COVID-19 ကို ၈၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဖော်ပြောထားခဲ့ပါတယ်။

(Photo: Getty Images)

နိုင်ငံမှာ Sinopharm ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုမှာ ပါဝင်ရန် လူဦးရေ ၇,၇၀၀ ကျော် စာရင်းပေးသွင်းခဲ့ကြောင်း ဘာရိန်းက ပြောပါတယ်။ ဘာရိန်းက အစောပိုင်းမှာ အများပြည်သူကို အခမဲ့ ကာကွယ်ဆေးထိုပေးမယ်လို့ ပြောထားခဲ့ပေမဲ့ လက်ရှိအချိန်အထိ ကာကွယ်ဆေးအစီအစဥ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို ဖြေကြားခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လူဦးရေ ၁.၇ သန်းဝန်းကျင်ရှိတဲ့ ဘာရိန်းနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၉,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၄၈ ဦးရှိခဲ့ပါတယ်။ Sinopharm ကာကွယ်ဆေးကို နိုင်ငံအချို့မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးထားပြီး ကုမ္ပဏီကတော့ နိုင်ငံ ၁၀ ခုမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

ပီရူးနိုင်ငံမှာလည်း Sinopharm ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ရာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး တွေ့ရတာကြောင့် စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားပါတယ်။ ထိုအတောအတွင်း မော်ရိုကိုမှာတော့ COVID-19 ကာကွယ်ဆေးအစီအစဥ်ကို အရှိန်မြှင့်ဆောင်ရွက်နေပြီး နိုင်ငံရဲ့ အရွယ်ရောက်ပြီး လူဦးရေ ၈၀ ရာခိုင်နှုန်းကို ယခုလအတွင်းမှစတင်ကာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက Sinopharm အပါအဝင် ကာကွယ်ဆေး လေးမျိုးထက်မနည်းကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က