ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဧရိယာအတွင်းရှိ ကျောင်းများ ပိတ်ထားရန် ညွှန်ကြားလိုက်ပါတယ်။
Ko John

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလတစ်လျှောက် အဆိုးဆုံး ကူးစက်မှုလှိုင်းကို ရင်ဆိုင်နေရတာကြောင့် အာဏာပိုင်တွေက ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဧရိယာအတွင်းရှိ ကျောင်းများ ပိတ်ထားရန် ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ညွှန်ကြားလိုက်ပါတယ်။

(Photo: AP)

တောင်ကိုရီးယားရဲ့ ကူးစက်မှုလှိုင်းဟာ ယခင် ဖေဖေါ်ဝါရီလအတွင်း အမြင့်ဆုံးဖြစ်ခဲ့မှုထက် ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုးလ်မြို့တော် နယ်မြေအတွင်းရှိ ကျောင်းတွေကို ယခုလကုန်အထိ အွန်လိုင်းမှတစ်ဆင့် စာသင်ကြားမှုတွေ ဆောင်ရွက်ကြရန် ညွှန်ကြားထားပါတယ်။ ကျောင်းများပိတ်ခိုင်းခြင်းဟာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုကို အဆင့် ၃ (Phase 3) အဖြစ် တိုးမြှင့်လုပ်ဆောင်ရန် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ထိုအဆင့်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ရန်အတွက် သုံးသပ်ရန်လိုအပ်ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က ပြောပါတယ်။ လတ်တလော သီတင်းများအတွင်း ကူးစက်မှုတွေ တစ်ဟုန်းထိုး မြင့်တက်နေတာကြောင့် လူအချင်းချင်း ခပ်ခွာခွာဖြစ်စေရန် စည်းမျဥ်းကန့်သတ်ချက်တွေကို အတင်းကျပ်ဆုံးအဆင့် ဆောင်ရွက်လာနိုင်ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက အစောပိုင်းမှာ သတိပေးထားခဲ့ပါတယ်။

(Photo: Reuters)

"သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သဘောထားအမြင်များအရ မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်ဆိုရင် အစိုးရအနေနဲ့ Phase 3 တိုးမြှင့်လုပ်ဆောင်ဖို့ တွေဝေနေမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးချုပ် Chung Sye-kyun က ၎င်းရဲ့ရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ အစည်းအဝေးတစ်ခုအတွင်း ပြောခဲ့ပါတယ်။

တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ယနေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၇၁၈ ဦး တိုးလာခဲ့ပြီး ယမန်နေ့မှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ ၁,၀၃၀ ဦးထက် လျော့နည်းသွားခဲ့ပါတယ်။ ယနေ့ထုတ်ပြန်ခဲ့တဲ့ ကူးစက်မှုအသစ်တွေအနက် ၆၈၂ ဦးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း KDCA က ပြောပါတယ်။

(Photo: Reuters)

ကူးစက်မှုအသစ် အများစုကို ဆိုးလ်မြို့၊ အင်ချွန်းမြို့နဲ့ Gyeonggi ပြည်နယ်တို့မှာ တွေ့ရှိခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန် COVID-19 ကူးစက်ခံရသူ ၄၃,၄၈၄ ဦးနဲ့ သေဆုံးသူ ၅၈၇ ဦးရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ ကူးစက်မှုလှိုင်းဟာ ပြင်းထန်တဲ့ အကျပ်အတည်းတစ်ခုဖြစ်ကြောင်းနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်း ၈၀၀ ထက်မနည်းကို COVID-19 ကူးစက်လူနာ ဖြစ်နိုင်ခြေရှိသူများအား ရှာဖွေရေးမှာ ပါဝင်ကူညီစေမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုခဲ့ပါတယ်။

နိုင်ငံရဲ့ ကူးစက်မှုတတိယလှိုင်းဟာ အရေးပေါ်အခြေအနေဖြစ်ကြောင်း၊ ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန် ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ထိတွေ့မှုရှိသူများ ခြေရာခံရှာဖွေခြင်းကို တိုးချဲ့လုပ်ဆောင်ရန် သမ္မတမွန်ဂျေအင်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်တွန်း ပြောကြားထားခဲ့ပါတယ်။ ကူးစက်မှုတွေ ပြန်မြင့်တက်လာခြင်းက ကနဦးမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် နိုင်ငံတကာက စံနမူနာအဖြစ် ရည်ညွှန်းပြောခဲ့တဲ့ တောင်ကိုရီးယားရဲ့ နည်းစနစ်အောင်မြင်မှုကို ထိုးနှစ်ချက်တစ်ရပ် ဖြစ်လာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က