လက်ရှိမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် COVID-19 ဖြစ်ပွားတဲ့ လူနာ ၁,၀၀၀ ကျော် တွေ့ထားပါတယ်။

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ဗြိတိန်ရဲ့ နေရာတွေမှာ တွေ့ရှိထားပြီး အလျင်အမြန် ကူးစက်နေကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က လွှတ်တော်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၄ ရက်) က ပြောခဲ့ပါတယ်။

(Photo: Getty Images)

ကျန်းမာရေးဝန်ကြီးက လွှတ်တော်မှာပြောကြားမှုအရ မတူညီတဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ ၆၀ နီးပါးက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် COVID-19 ဖြစ်ပွားမှုတွေကို တွေ့ရှိမှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မျိုးဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိရမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံ အသိပေးထားကြောင်းနဲ့ ဗြိတိန်သိပ္ပံပညာရှင်တွေက အသေးစိတ်လေ့လာနေကြောင်း ဝန်ကြီးက ပြောပါတယ်။



မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါလက္ခဏာ ပိုမိုပြင်းထန်ခြင်း သို့မဟုတ် ကာကွယ်ဆေးများ ကြာရှည်ကာကွယ်မပေးနိုင်ခြင်းကဲ့သို့ အခြေအနေတွေ ဖြစ်စေနိုင်တာမျိုး မရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လန်ဒန်၊ Kent ၊ Essex နဲ့ Hertfordshire တို့မှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဟန်းကွတ်ခ်က ဗြိတိန်လွှတ်တော် (House of Commons) မှာ အမတ်တွေကို ပြောခဲ့ပါတယ်။

(ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်) (Photo: BBC)

"လက်ရှိမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ဖြစ်ပွားတဲ့ လူနာ ၁,၀၀၀ ကျော် တွေ့ထားပါတယ်၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ ၆၀ နီးပါးက ဒီဗိုင်းရပ်စ်ကြောင့် COVID-19 ဖြစ်ပွားမှုတွေ တွေ့ရှိထားပေမဲ့ အဓိကအားဖြင့် အင်္ဂလန်တောင်ပိုင်းမှာ တွေ့ရတာဖြစ်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

ဗိုင်းရပ်စ်အားလုံးဟာ မျိုးဗီဇပြောင်းလေ့ရှိပြီး အသစ်ဖြစ်လာတဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေမှာ အနည်းငယ်မျှသာ ပြောင်းလဲမှုတွေ့ရတတ်ပါတယ်။ မျိုးဗီဇပြောင်းမှု အများစုဟာ ဗိုင်းရပ်စ် သို့မဟုတ် ၎င်းရဲ့ ပြုမူစွမ်းဆောင်နိုင်မှုအပေါ် များစွာ သက်ရောက်မှုမရှိတတ်ဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

ဗြိတိန်မှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လန်ဒန်တစ်မြို့လုံး၊ Essex နဲ့ Hertfordshire ရဲ့ နေရာဒေသတွေမှာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှစပြီး ပိုမိုတင်းကျပ်တဲ့ ကူးစက်မှုထိန်းချုပ်ရေး အဆင့် ၃ (tier three) ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်သွားမယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

ဗြိတိန်မှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ရာမှာ အဆင့် ၃ က ဒုတိယ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်မှာ ဘားဆိုင်နဲ့ စားသောက်ဆိုင်များဟာ အဆင့် ၂ မှာကဲ့သို့ စည်မျဥ်းသတ်မှတ်ချက်များဖြင့် ဆိုင်ထိုင်စား ဖွင့်လှစ်ရောင်းချခွင့်မရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရှိပါတယ်။

ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေတဲ့ ဗြိတိန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ ဒီဇင်ဘာ ၈ ရက်နေ့က စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ ဗြိတိန်က Pifzier-BioNTech ကာကွယ်ဆေးကို အများပြည်သူသုံးရန် ခွင့်ပြုချက်ပေးခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန် ကြီးကြပ်ရေးဌာန (Medicines and Healthcare products Regulatory Agency - MHRA) က ဒီဇင်ဘာ ၂ ရက်) ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဗြိတိန်အစိုးရက လူဦးရေ သန်း ၂၀ အတွက် COVID-19 ကာကွယ်ဆေး သန်း ၄၀ ကြိုတင်မှာကြားထားပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၈ သန်းကျော်နဲ့ သေဆုံးသူ ၆၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။



က္က