နေအပြည့်ကြတ်မှုနဲ့အတူ နှစ်မိနစ်ခန့် အမှောင်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
Ko John

ချီလီနိုင်ငံတောင်ပိုင်းနဲ့ အာဂျင်တီးနားနိုင်ငံတို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က နေအပြည့်ကြတ်မှုဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပြီး နေ့ခင်းဘက်အချိန်အတွင်း နှစ်မိနစ်ခန့် အမှောင်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Ronaldo Schemidt/AFP)

ချီလီမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေကြတ်မှုကို စောင့်ကြည့်သူများ အခက်ကြုံခဲ့ရပေမဲ့ နေကြတ်မှုဖြစ်စဥ်ကို တစ်စိတ်တပိုင်း မြင်ခွင့်ရခဲ့ကြပါတယ်။ "နေကြတ်မှုက လှပါတယ်၊ ထူးခြားပါတယ်၊ အမှန်ပြောရရင် မိုးလေဝသအခြေအနေနဲ့ တိမ်တွေထူထပ်နေတော့ နေကြတ်တာကိုမြင်ရမယ်လို့ ဘယ်သူမှ အများကြီး မျှော်လင့်မထားကြဘူး၊ ဒါက အံ့ဩစရာဖြစ်ရပ်ပါ" လို့ Lake Villarrica ရေကန်ကြီး ကမ်းစပ်မှာရှိတဲ့ Pucon မြို့မှ အသက် ၁၈ နှစ်အရွယ် Matias Tordecilla က AFP သတင်းဌာနကို စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့ပါတယ်။



(Photo: Ronaldo Schemidt/AFP)

"ဒီဖြစ်စဥ်က မျက်စိနဲ့မြင်ရရုံတင်မဟုတ်ဘဲ နှလုံးသားနဲ့ပါ ခံစားရတာမျိုးပါ" လို့ မိသားစုနဲ့အတူ နေကြတ်မှုကို စောင့်ကြည်ရန် ၁၀ နာရီကြာ ခရီးနှင်လာခဲ့သူ Matias Tordecilla က ဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနိုင်ငံမှာလည်း ဒီဇင်ဘာ ၁၄ ရက် နေကြတ်မှုဖြစ်စဥ်ကို မြင်တွေ့နိုင်ရန် Villa El Chocon နဲ့ Piedra del Aguila မြို့ငယ်နှစ်ခုကြားမှာ ယာယီတဲများထိုးကာ စောင့်ကြည့်ခဲ့ကြပါတယ်။

(Photo: Ronaldo Schemidt/AFP)

အာဂျင်တီးနားမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခု နေကြတ်မှုဟာ ချီလီနိုင်ငံမှာ ၁၈ လအတွင်း ဒုတိယအကြိမ် မြင်တွေ့ရတဲ့ နေအပြည့်ကြတ်မှုဖြစ်စဥ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်ရဲ့ တစ်ကြိမ်တည်းသော နေအပြတ်ကြတ်မှုလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ချီလီနိုင်ငံမြောက်ဘက် Atacama သဲကန္တာရထဲမှာ နေကြတ်မှုကို စောင့်ကြည့်ရန် လူဦးရေ ၃၀၀,၀၀၀ ခန့် လာရောက်ခဲ့ကြဖူးပါတယ်။

(Photo: Marcelo Hernandez/Getty Images)

လတ်တလောမှာ COVID-19 ကူးစက်ဖြစ်ပွားနေတဲ့ အခြေအနေအရ ယခုနှစ် နေကြတ်မှုဖြစ်စဥ်ကို လာရောက်ကြည့်ရှုရာမှ ကြီးမားတဲ့ လူစုလူ‌ဝေးဖြစ်မှာကို ချီလီအာဏာပိုင်တွေက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ချီလီနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၅၇၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၆,၀၀၀ နီးပါးရှိခဲ့ပါတယ်။

.


Author

  • Ko John

    Editorial Advisor at Duwun


က္က