အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးက Electoral College မဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။
Ko John

အမေရိကန်သမ္မတရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးတဲ့ ပြည်နယ်တစ်ခုချင်းစီရဲ့ Electoral College အဖွဲ့ဝင်တွေက ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ နောက်ဆုံး ကျန်ရှိနေတဲ့ ပြည်နယ်တွေရဲ့ မဲပေးမှုနဲ့အတူ တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

(အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်) (Photo: Reuters)

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးဟာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ ပြည်နယ်တစ်ခုချင်းစီမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားကာ စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။



အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ Electoral College မဲ ၃၀၆ မဲဖြင့် အနိုင်ရရှိပြီး ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ၂၃၂ မဲရရှိကြောင်း အမေရိကန်မီဒီယာတွေက ခန့်မှန်းဖော်ပြထားခဲ့ကြပါတယ်။

(Electoral College မဲပေးမှုမြင်ကွင်းတစ်ခု) (Photo: NY Times)

သို့သော် ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ခြင်း မရှိပါဘူး။ ပြည်နယ်အသီးသီးရဲ့ Electoral College အဖွဲ့ဝင်တွေက သမ္မတရွေးချယ်တဲ့ တရားဝင် မဲပေးမှုကို ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်အကြာမှာ ပြုလုပ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာတော့ နောက်ဆုံးကျန်ရှိတဲ့ ပြည်နယ်တွေရဲ့ Electoral College မဲပေးမှုတွေ ဆောင်ရွက်ခဲ့ကြရာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Electoral College မဲ ၅၅ မဲကို ဂျိုးဘိုင်ဒန်က ရရှိခဲ့ပြီးနောက် သမ္မတဖြစ်ရန် လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က Electoral College မဲပေးမှုပြုလုပ်ခဲ့တဲ့ မီချီဂန်နဲ့ ဂျော်ဂျီယာ အပါအဝင် ပြည်နယ်အချို့မှာ မဲပေးမှုမတိုင်မီ လုံခြုံရေးတင်းကျပ်ထားခဲ့ပါတယ်။ Electoral College မဲတွေကို ဝါရှင်တန်ဒီစီသို့ ပို့ဆောင်သွားမှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ကွန်ဂရက်လွှတ်တော်မှာ တရားဝင် ရေတွက်သွားမယ်လို့ သိရပါတယ်။

(‌ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ဒေါ်နယ်ထရန့်) (Photo: Reuters)

ကွန်ဂရက်လွှတ်တော်က Electoral College မဲတွေ ရေတွက်မှုလုပ်ငန်းစဥ်ဟာ ဂျိုးဘိုင်ဒန်အတွက် ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် လမ်းပွင့်သွားစေမှာလည်း ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်က Electoral College အဖွဲ့ဝင်တွေ မဲပေးမှုပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ ၎င်းရဲ့ သမ္မတတာဝန်လွှဲပြောင်းရေးအဖွဲ့က ကြေညာထားပါတယ်။

အမေရိကန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ကမ်မလာဟာရစ်

သမ္မတတာဝန်အလွှဲအပြောင်းကိစ္စကို တာဝန်ယူဆောင်ရွက်ရတဲ့ အမေရိကန်ပြည်ထောင်စုဌာနက လွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ အကြောင်းကြားထားခဲ့ကြောင်း သိရပါတယ်။ General Services Administration (GSA) အကြီးအကဲ အမ်မလီမာဖီက သမ္မတလွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီလို့ ဂျိုးဘိုင်ဒန်ထံသို့ စာရေးသားပေးပို့ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာဟာရစ်) (Photo: AFP/Getty Images)

အမေရိကန် ဒုတိယသမ္မတအဖြစ် ရှစ်နှစ်ကြာ တာဝန်ယူခဲ့ဖူးသူ ဂျိုးဘိုင်ဒန်ဟာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ယခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသက် ၇၈ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် စတင်ဆောင်ရွက်ချိန်မှာ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ အသက် ၅၆ နှစ်အရွယ် ကမ်မလာဟာရစ်ကလည်း အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမဟာ ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။

အိမ်ဖြူတော်မှထွက်ခွာပြီးနောက် ဒေါ်နယ်ထရန့် လုပ်နိုင်တာတွေ ...


Author

  • Ko John

    Editorial Advisor at Duwun


က္က