လူသတ်သမားက အသတ်ခံရသူသူ ကိုးဦးလုံးကို Twitter မှတစ်ဆင့် တွေ့ဆုံသိကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ တွစ်တာလူသတ်သမား (Twitter Killer) လို့ အမည်ပေးထားကြတဲ့ အမျိုးသားကို အွန်လိုင်းမှာ သိကျွမ်းခဲ့သူ ကိုးဦးအား သတ်ဖြတ်မှုနဲ့ အလောင်းများကို ခုတ်ပိုင်းဖြတ်တောက်ပြီး ဖျောက်ဖျက်မှုဖြင့် တိုကျိုမြို့ တရားရုံးတစ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(၂၀၁၇ ခုနှစ်မှာ တာကာဟီရိုကို ဖမ်းဆီးခဲ့စဥ်) (Photo: Reuters)

ယခုအခါ အသက် ၃၀ အရွယ်ဖြစ်တဲ့ တာကာဟီရိုရှိရာအီရှီ (Takahiro Shiraishi) အမည်ရှိ အမျိုးသားက အသက် ၁၅ နှစ်နဲ့ ၂၆ နှစ်ကြားအရွယ် လူကိုးဦးကိုသတ်ခဲ့ကြောင်းနဲ့ အလောင်းတွေကို အပိုင်းပိုင်းဖြစ်စေရန် ခုတ်ပိုင်းဖြတ်တောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တာကာဟီရို သတ်ခဲ့သူကိုးဦးအနက် တစ်ဦးကလွဲပြီး အားလုံးဟာ အမျိုးသမီးတွေဖြစ်ကြောင်းနဲ့ ၎င်းတို့ကို Twitter မှတစ်ဆင့် တွေ့ဆုံသိကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။



အသတ်ရသူတွေက ကိုယ့်ကိုယ်ကိုယ်သတ်သေရန် စဥ်းစားနေကြောင်း ဆိုရှယ်မီဒီယာမှာ ပြောထားခဲ့တာကြောင်း၊ ထို့ကြောင့် ၎င်းတို့ဟာ သေဆုံးရန် သဘောတူညီပြီးဖြစ်ခဲ့ကြောင်းနဲ့ ထိုအခြေအနေအရ တာကာဟီရိုကို ထောင်ဒဏ်ချမှတ်သင့်ကြောင်း ၎င်းရဲ့ရှေ့နေတွေကို လျှောက်လှဲခဲ့ကြပါတယ်။

(စက်တင်ဘာ ၃၀ ရက် တရားခွင်မှ တာကာဟီရိုရဲ့ပုံကို ပုံကြမ်းရေးဆွဲထားမှု) (Photo: Getty Images)

သို့သော် တရားရုံးက ယနေ့ စီရင်ချက်ချမှတ်ခဲ့ရာမှာတော့ တာကာဟီရိုကို သေဒဏ်ချမှတ်လိုက်ကြောင်း တရားရုံးအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ "ဖွင့်မပြောတဲ့ သဘောတူညီမှု အပါအဝင် အသတ်ခံရသူ ကိုးဦးအနက် မည်သူကမျှ အသတ်ခံရန် သဘောတူခဲ့ခြင်း မရှိဘူး" လို့ တရားသူကြီးက ပြောကြားကြောင်း ဂျပန်သတင်းဌာနက NHK က ဖော်ပြပါတယ်။

NHK က ဖော်ပြမှုအရ ယနေ့ စီရင်ချက်ချမှတ်ခဲ့တဲ့ တရားရုံးမှာ အများပြည်သူအတွက် ထိုင်ခုံ ၁၆ နေရာသာရှိခဲ့ပေမဲ့ အမှုကို စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုသူ ၄၃၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ တရားရုံးသို့ တင်ပြထားတဲ့ စွဲချက်များအရ တာကာဟီရိုဟာ သေကြောင်းကြံစည်ရန် စဥ်းစားနေတဲ့ အမျိုးသမီးတွေကို ဆက်သွယ်ရန် ၂၀၁၇ ခုနှစ် မတ်လအတွင်း Twitter အကောင့်တစ်ခုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

(စီရင်ချက်မှုကို လာရောက်ကြည့်ရှုသူများ) (Photo: Kyodo)

သေကြောင်းကြံစည်ရန် စဥ်းစားနေသူတွေဟာ လွယ်ကူတဲ့ပစ်မှတ်များအဖြစ် တာကာဟီရိုက ထင်မြင်ယူဆခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ လူတွေကိုသတ်ပြီးနောက် အလောင်းများကို အပိုင်းပိုင်းဖြတ်တောက်ကာ တိုကျိုမြို့အနီး ဇမ်မာမြို့ (Zama) ရှိ တိုက်ခန်းမှာ ရေခဲပုံးများအတွင်း ထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်။

တာကာဟီရိုကို ၎င်းရဲ့တိုက်ခန်းမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရပြီးနောက် ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးစွဲချက်ခဲ့ပါတယ်။ တာကာဟီရိုက ၎င်းအပေါ် စွဲချက်တင်ထားမှုအားလုံးဟာ မှန်ကန်ကြောင်း ယခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ တရားရုံးကြားနာစစ်ဆေးမှုအတွင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

(၂၀၁၇ ခုနှစ်မှာ တာကာဟီရိုရဲ့ တိုက်ခန်းကို ရှာဖွေရန်ပြင်ဆင်နစဥ်) (Photo: Getty Images)

လူတွေကို ဆက်တိုက်သတ်ခဲ့တဲ့ တာကာဟီရိုရဲ့အမှုဟာ ဂျပန်မှာ ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ကာ သေကြောင်းကြံစည်မှုအကြောင်း ဆွေးနွေးထားတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီး အသစ်တစ်ဖန် အချေအတင် ဆွေးနွေးခဲ့ကြရပါတယ်။ ဂျပန်အစိုးရက အဆိုပါ ဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်းအသစ်များ သတ်မှတ်ထုတ်ပြန်နိုင်ကြောင်း ထိုစဥ်က ပြောခဲ့ပါတယ်။

ထို့အတူ Twitter ရဲ့ စည်းမျဥ်းစည်းကမ်းတွေမှာလည်း အသုံးပြုသူတွေဟာ သေကြောင်းကြံစည်မှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် နာကျင်စေရန် လုပ်ဆောင်မှုကို အားမပေးသင့်ကြောင်း ဖော်ပြလာခဲ့ပါတယ်။ Twitter အမှုဆောင်အရာရှိချုပ် Jack Dorsey က ဂျပန်မှာဖြစ်ပွားခဲ့တဲ့ လူကိုးဦး အသတ်ခံရတဲ့အမှုဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ထိုစဥ်က ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က