တို့ဖတ်နမူနာယူတဲ့ အချောင်းငယ်ကို နှာခေါင်းရဲ့ အနောက်ဘက်ပိုင်းအထိ ထိုးထည့်ရန်မလိုဘဲ သက်သောင့်သက်သာ လုပ်ဆောင်နိုင်ပါတယ်။

အမေရိကန်နိုင်ငံက နေအိမ်မှာ COVID-19 အလွယ်တကူ စစ်ဆေးနိုင်ပြီး မိနစ် ၂၀ အတွင်း အဖြေထုတ်ပေးနိုင်တဲ့ အမြန်စစ်ကိရိယာတစ်ခုကို ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရပါတယ်။

\

(Photo: Ellume)

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန် FDA (Food and Drug Administration) က ခွင့်ပြုချက်ပေးလိုက်တဲ့ အမြန်စစ်ဆေးကိရိယာကို ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Ellume ကုမ္ပဏီက ထုတ်လုပ်ထားပြီး အမေရိကန်ဒေါ်လာ ၃၀ ဝန်းကျင် (မြန်မာကျပ်ငွေ ၄၀,၀၀၀ ဝန်းကျင်) ဖြင့် ရောင်းချသွားမယ်မှာ ဖြစ်ပါတယ်။



ကုမ္ပဏီက လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ၎င်းတို့ရဲ့ COVID-19 အမြန်စစ်ဆေးကိရိယာ ၃ သန်းကို စတင်ရောင်းချသွားမှာဖြစ်ပြီး နောက်လတွေမှာလည်း နောက်ထပ် သန်းနဲ့ချီ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ COVID-19 အမြန်စစ်ဆေးကိရိယာကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ခြင်းက အဓိက သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း FDA အကြီးအကဲ Stephen Hahn က ပြောပါတယ်။

(Photo: Ellume)

"အမေရိကန်ပြည်သူတွေ COVID-19 စစ်ဆေးမှုတိုးချဲ့ဖို့ ကျွန်တော်တို့ ကူညီပေးနေပြီး ဓာတ်ခွဲခန်းတွေနဲ့ စစ်ဆေးတဲ့နေရာတွေမှာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနေပါတယ်၊ အမေရိကန်ပြည်သူတွေ COVID-19 စစ်ဖို့ ရွေးချယ်စရာ ပိုများလာပြီး သူတို့ရဲ့ နေအိမ်တွေမှာ သက်သောင့်သက်သာနဲ့ ဘေးအန္တရာယ်ကင်းကင်း စစ်ဆေးနိုင်ဖို့ပါ" လို့ Stephen Hahn က ဆိုပါတယ်။

အမေရိကန် FDA က ခွင့်ပြုချက်ပေးလိုက်တဲ့ ကိရိယာဟာ "Antigen" test ခေါ် စစ်ဆေးမှုဖြစ်ပြီး COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ surface molecule တစ်ခုကို ရှာဖွေခြင်းဖြင့် ဗိုင်းရပ်စ်ရှိ မရှိ အဖြေထုတ်ပေးပါတယ်။ Ellume ကုမ္ပဏီထုတ် COVID-19 အမြန်စစ်ဆေးကိရိယာမှာ အသုံးပြုထားတဲ့ နည်းပညာက ကိုယ်ဝန်ရှိ မရှိ နေအိမ်မှာစစ်တဲ့ကိရိယာရဲ့ နည်းပညာနဲ့ တူညီတယ်လို့ ဆိုပါတယ်။

(Photo: Ellume)

Ellume စစ်ဆေးကိရိယာဖြင့် COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖတ်ယူရပေမဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးရန် တို့ဖတ်နမူနာယူသကဲ့သို့ တို့ဖတ်ယူတဲ့ အချောင်းငယ်ကို နှာခေါင်းရဲ့ အနောက်ဘက်ပိုင်းအထိ ထိုးထည့်ရန်မလိုအပ်ဘဲ မိမိကိုယ်တိုင် သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ထို့နောက် နှာခေါင်းတို့ဖတ်နမူနာကို တစ်ခါသုံး တို့ဖတ်ထည့်ပစ္စည်းထဲသို့ ထည့်သွင်းပြီး စစ်ဆေးရပါတယ်။

FDA ရဲ့ အဆိုအရ Ellume စစ်ဆေးကိရိယာက ရောဂါလက္ခဏာပြသူတွေမှာ COVID-19 ရှိကြောင်းကို ၉၆ ရာခိုင်နှုန်းနဲ့ COVID-19 မရှိကြောင်းကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်စွာ စစ်ဆေးအဖြေထုတ်ပေးနိုင်ပါတယ်။ ရောဂါလက္ခဏာမပြသူတွေမှာ COVID-19 ရှိကြောင်းကို ၉၁ ရာခိုင်နှုန်းနဲ့ COVID-19 မရှိကြောင်းကို ၉၆ ရာခိုင်နှုန်း မှန်ကန်စွာ အဖြေထုတ်ပေးကြောင်း FDA က ဆိုပါတယ်။

(Photo: Ellume)

ရောဂါလက္ခဏာမပြဘဲ COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိရသူတွေဟာ နောက်ထပ် စစ်ဆေးမှုတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ပြီး အမှန်တစ်ကယ် COVID-19 ရှိ မရှိ အတည်ပြုနိုင်ချိန်အထိ ကုသမှုခံယူသင့်ကြောင်း အမေရိကန် FDA က ပြောခဲ့ပါတယ်။ COVID-19 ရှိ မရှိ နေအိမ်မှာပင် အလွယ်တကူ အမြန်စစ်ဆေးနိုင်တဲ့ Ellume စစ်ဆေးကိရိယာကို အက်ပလီကေးရှင်း (application - app) တစ်ခုဖြင့် အသုံးပြုသူရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး စစ်ဆေးမှုအဖြေကို သိရှိနိုင်ပါတယ်။ Ellume အမြန်စစ်ဆေးကိရိယာကို National Institutes of Health ထံမှ အစိုးရထောက်ပံ့ငွေ ဒေါ်လာ သန်း ၃၀ ဖြင့် ထုတ်လုပ်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က