လပေါ်မှ နမူနာများ သယ်ဆောင်လာတဲ့ အာကာသယာဥ်အခန်းဟာ အတွင်းမွန်ဂိုးလီးယားမှာ ဆင်းသက်ခဲ့ပါတယ်။

လပေါ်မှ ကျောက်တုံးနဲ့ မြေကြီးနမူနာရယူရန် လွှတ်တင်လိုက်တဲ့ တရုတ်နိုင်ငံရဲ့ Chang'e-5 အာကာသယာဥ်ဟာ ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကာ အာကာသခရီးစဥ် အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရပါတယ်။

(မြေပြင်မှာတွေ့ရသည့် အာကာသယာဥ်အခန်း) (Photo: Shutterstock/BBC)

လပေါ်မှ ကျောက်တုံးနဲ့ မြေကြီးများ သယ်ဆောင်လာတဲ့ အာကာသယာဥ်အခန်းဟာ အတွင်းမွန်ဂိုးလီးယား (Inner Mongolia) နယ်မြေမှာ ဒေသစံတော်ချိန် ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) မနက် ၁ နာရီခွဲကျော်မှာ ဆင်းသက်ခဲ့ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။ လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က လေ့လာဆန်းစစ်ရန်အတွက် အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ကြဖူးပါတယ်။



ယခုအခါမှာတော့ တရုတ်က ထိုသို့ လပေါ်မှ နမူနာပစ္စည်းများ ရယူနိုင်ခဲ့တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အတွင်းမွန်ဂိုလီးယားမှာ အာကာသယာဥ်အခန်း ဆင်းသက်ခဲ့ပြီးနောက် ပြန်လည်ရယူရေးအဖွဲ့က တည်နေရာရှာဖွေပြီး သွားရောက်သယ်ဆောင်ရန် အသင့်ပြင်ဆင်ထားခဲ့ကြောင်း တရုတ်မီဒီယာတွေက ပြောပါတယ်။

(လမျက်နှာပြင်ပေါ်သို့ Chang'e-5 ရောက်ရှိခဲ့စဥ်) (Photo: Xinhua/NEWS.CN)

Chang'e-5 အာကာသခရီးစဥ်မှာ လပေါ်ကနေ ယူဆောင်လာခဲ့တဲ့ နမူနာပစ္စည်းတွေရဲ့ ပမာဏကို အတိအကျ မသိရသေးဘဲ ၄ ပေါင်ကျော်မှ ၉ ပေါင်နီးပါးအတွင်း အလေးချိန်ရှိနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ Chang'e-5 အာကာသယာဥ်ကို Long March 5 ဒုံးပျံဖြင့် Wenchang လွှတ်တင်ရေးစခန်းကနေ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ လပေါ်သို့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Chang'e-5 အာကာသယာဥ်ဟာ Oceanus Procellarum လို့ သိထားကြတဲ့ လမျက်နှာပြင် နယ်မြေအတွင်းရှိ Mons Rümker ခေါ် နေရာအနီးမှာ ဒီဇင်ဘာ ၁ ရက်နေ့က ဆင်းသက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Chang'e-5 က ကမ္ဘာမြေပြင်သို့ ပြန်လည်မထွက်ခွာမီ လပေါ်မှာ တရုတ်နိုင်ငံတော်အလံကို စိုက်ထူခဲ့ကြောင်းလည်း သိရပါတယ်။

(လပေါ်မှ နမူနာများသယ်လာသည့် အာကာသယာဥ်အခန်း) (Photo: Reuters/China Daily)

Chang'e-5 အာကာသယာဥ်ဟာ လပေါ်မှ နမူနာများကို စုဆောင်းရယူပြီးနောက် ကြာသပတေးနေ့ (ဒီဇင်ဘာ ၃ ရက်) မှာ လမျက်နှာပြင်ကနေ ကမ္ဘာမြေပြင်သို့ ပြန်လည် ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ လပေါ်မှာ ယခု စိုက်ထူခဲ့တဲ့ တရုတ်နိုင်ငံတော်အလံဟာ အကျယ် ၆ ပေခွဲနဲ့ အမြင့် ၂ ပေခွဲရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက Chang'e-4 အာကာသယာဥ်ကို ၂၀၁၉ ခုနှစ်အတွင်း လပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

တရုတ်ရဲ့ ယခင် လပေါ်သို့ အာကာသခရီးစဥ်နှစ်ခုမှာတော့ ယခုတစ်ကြိမ်ကဲ့သို့ လမျက်နှာပြင်ပေါ်မှာ နိုင်ငံအလံ စိုက်ထူနိုင်ခဲ့ခြင်း မရှိပါဘူး။ အမေရိကန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၉ ခုနှစ် အပိုလို ၁၁ အာကာသခရီးစဥ်အတွင်း လပေါ်မှာ နိုင်ငံအလံ စိုက်ထူခဲ့ပြီး ထိုသို့လုပ်ဆောင်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က