အမေရိကန် သန်းနဲ့ချီ ခရီးထွက်ခဲ့ကြပြီးနောက် ကူးစက်မှုမြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးမှုရှိခဲ့ပါတယ်။
Ko John

အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ ဒီဇင်ဘာ ၁၆ ရက်နေ့က စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော်ရှိခဲ့ကြောင်း Johns Hopkins တက္ကသိုလ် စာရင်းတွေအရ သိရှိရပါတယ်။

(Photo: AFP)

အမေရိကန်မှာ ကူးစက်မှုများ အကြီးအကျယ် မြင့်တက်နေခဲ့တာ ယခုအခါ တစ်လကျော်ပြီဖြစ်ပြီး ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေဟာလည်း လက်ရှိ ၁၁၃,၀၀၀ ဦးရှိပြီး အများဆုံး စံချိန်သစ်ဖြစ်တယ်လို့ Department of Health and Human Services ထံမှ အချက်အလက်တွေက ဖော်ပြပါတယ်။

အမေရိကန်မှာ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးမှု ၃,၀၀၀ အထက်သို့ တတိယအကြိမ် ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယခင်က ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက် အများဆုံးအဖြစ် ဧပြီလအတွင်း စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် (၁၄ ရက်) ရဲ့ ၁၁ ရက်မှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၀၀,၀၀၀ အထက် တွေ့ရှိခဲ့ရပါတယ်။

(Photo: AFP)

ဒီဇင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲအထိ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စာရင်းတွေအရ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၃,၇၈၄ ဦးအထိ စံချိန်သစ်တင် မြင့်တက်လာခဲ့ပါတယ်။ နိုဝင်ဘာလနှောင်းပိုင်း ကျေးဇူးတော်နေ့ အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရန် အမေရိကန် သန်းနဲ့ချီ ခရီးထွက်ခဲ့ကြပြီးနောက် COVID-19 ကူးစက်ဖြစ်ပွားမှု မြင့်တက်လာနိုင်မှုအပေါ် ကျန်းမာရေးတာဝန်ရှိသူတွေက စိုးရိမ်ပူပန်ကြပြီး သတိပေးမှုတွေလည်းရှိခဲ့ပါတယ်။

(Photo: AFP)

ယခုအခါ အမေရိကန်ကျွမ်းကျင်သူတွေက ခရစ်စမတ်အားလပ်ရက် အပါအဝင် နှစ်သစ်ကူးအချိန်ကာလနောက်ပိုင်း ကူးစက်ဖြစ်ပွားမှု အခြေအနေ အလွန်ဆိုးရွားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အမေရိကန်မှာ လူအမြောက်အမြားကို Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့စဥ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ စံချိန်သစ်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇ သန်း၊ သေဆုံးသူ ၃၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၀ သန်းကျော်ရှိခဲ့ပါတယ်။


Author


က္က