ခုနစ်ရက်ကြာ သီးခြားခွဲနေထိုင်လျက်ရှိတယ်လို့ သမ္မနန်းတော်က ထုတ်ပြန်ပါတယ်။
Ko John

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် COVID-19 ကူးစက်ခံရကြောင်း ပြင်သစ်သမ္မတနန်းတော်က ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ထုတ်ပြန်ပြောကြားပါတယ်။

(ပြင်သစ်သမ္မတမက်ခရွန်) (Photo: Reuters)

အသက် ၄၂ နှစ်အရွယ် သမ္မတမက်ခရွန်ဟာ COVID-19 လက္ခဏာများ ပြသလာခဲ့ပြီးနောက် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ယခုအခါ ခုနစ်ရက်ကြာ သီးခြားခွဲနေထိုင်လျက်ရှိကြောင်း အယ်လီဆေးသမ္မတနန်းတော်က ထုတ်ပြန်ပါတယ်။ မက်ခရွန်ဟာ ပြင်သစ်အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်ပြီး လုပ်ငန်းတာဝန်တွေကို သီးခြားခွဲနေထိုင်လျက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။



COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးသိရှိရပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ လက်ဘနွန်နိုင်ငံသို့ ခရီးစဥ်အပါအဝင် သမ္မတမက်ခရွန်ရဲ့ ခရီးစဥ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဥရောပကောင်စီ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


(အယ်လီဆေးသမ္မတနန်းတော်) (Ron Przysucha)

သမ္မတမက်ခရွန်နဲ့ လတ်တလော ရက်ပိုင်းအတွင်း ထိတွေ့မှုရှိခဲ့တဲ့ ပြင်သစ်ဝန်ကြီးချုပ် Jean Castex နဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်တို့ဟာ ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ အသွားအလာကန့်သတ်နေထိုင်မယ်လို့ သိရပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ဥရောပကောင်စီ အစည်းအဝေးအတွင်း ပေါ်တူဂီဝန်ကြီးများ၊ ဥရောပခေါင်းဆောင်များနဲ့လည်း တွေ့ဆု့ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ည ၈ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ ပြင်သစ်မှာ COVID-19 စတင်ဖြစ်ပွားခဲ့ချိန်မှ ယနေ့အထိ ကူးစက်ခံရသူ ၂.၄ သန်းကျော်နဲ့ သေဆုံးသူ ၅၉,၀၀၀ ကျော်ရှိခဲ့ကြောင်း Worldometers ဝက်ဘ်ဆိုက်မှ ကိန်းဂဏန်းများအရ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က