COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တာ တစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ၇၅ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) မနက်ပိုင်း ဖော်ပြမှုအရ သိရှိရပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၇၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၆ သန်းကျော် (၁,၆၆၈,၁၆၆ ဦး) သေဆုံးခဲ့ပြီး ၅၂.၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



လူတိုင်း Mask တပ်ခြင်းဖြင့် lockdown တွေကို ရှောင်လွဲနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲပြော

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၆၅ သန်း ကျော်လွန်ခဲ့တာဖြစ်ပြီး ၈ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၁,၅၈၇,၅၆၄ ဦးမှ ၈ ရက်အတွင်း ၈၀,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၇၀ ကျော်အနက် သန်း ၂၀ ကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၇ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၃၁၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ ဒီဇင်ဘာ ၁၆ ရက်နေ့က စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော်ရှိခဲ့ကြောင်း Johns Hopkins တက္ကသိုလ် စာရင်းတွေအရ သိရှိရပါတယ်။ အမေရိကန်မှာ ကူးစက်မှုများ အကြီးအကျယ် မြင့်တက်နေခဲ့တာ ယခုအခါ တစ်လကျော်ပြီဖြစ်ပြီး ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေဟာလည်း လက်ရှိ ၁၁၃,၀၀၀ ဦးရှိပြီး အများဆုံး စံချိန်သစ်ဖြစ်တယ်လို့ Department of Health and Human Services ထံမှ အချက်အလက်တွေက ဖော်ပြပါတယ်။

(Photo: Reuters)

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉.၉ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၄၄,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၇.၁ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၈၄,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

COVID-19 ကို ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်ဆေးထုတ်လုပ်ရန် အမေရိကန်သိပ္ပံပညာရှင်များ လေ့လာနေ

ဥရောပနိုင်ငံတွေမှာ ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ပြင်သစ်နိုင်ငံက သီတင်းခြောက်ပတ်ကြာ lockdown သတ်မှတ်ထားမှုကို ရုပ်သိမ်းသွားမှာဖြစ်ပေမဲ့ နှစ်သစ်ကူးအကြိုည အပါအဝင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်မယ်လို့ ဆိုပါတယ်။ ထို့အတူ ဂျာမနီမှာလည်း ပိုမိုတင်းကျပ်တဲ့ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်များ ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ဗြိတိန်နိုင်ငံမှာ လန်ဒန်အပါအဝင် နေရာသုံးခုမှာ အမြင့်ဆုံးအဆင့် ကန့်သတ်ချက်များ သတ်မှတ်ထုတ်ပြန်ထားပါတယ်။ ဗြိတိန်က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာလ အစောပိုင်းမှာ ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ ထို့အတူ အမေရိကန်နဲ့ ဆော်ဒီမှာလည်း Pfizer-BioNTech ကာကွယ်ဆေးထိုးနှံပေးနေပြီလို့ သိရပါတယ်။

ရုရှားကတော့ ၎င်းရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ကို အများပြည်သူအား ထိုးပေးနေပါတယ်။ ဥရောပသမဂ္ဂက Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ ခွင့်ပြုချက်ပေးမယ်လို့ မျှော်လင့်ရပြီး ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်မယ်လို့ ဂျာမနီက ပြောထားပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်းမှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲနဲ့ လုပ်ဆောင်ပြီးခဲ့တဲ့ အလားအလာကောင်းတဲ့ ကာကွယ်ဆေးများ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ ၎င်းတို့အနက် Pfizer-BioNTeh ၊ Moderna ၊ Sputnik V ၊ Oxford-AstraZeneca ကာကွယ်ဆေးတွေဟာ COVID-19 ကို အနိမ့်ဆုံး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Sinovac နဲ့ Sinopharm ကဲ့သို့ ကာကွယ်ဆေးတွေကလည်း အလားအလာကောင်းတွေရှိနေပါတယ်။

အိမ်မှာအလွယ်တကူစစ်နိုင်ပြီး မိနစ် ၂၀ အတွင်း အဖြေထွက်တဲ့ ကိုဗစ်စစ်ကိရိယာ အမေရိကန် FDA ခွင့်ပြုချက်ရ

ကာကွယ်ဆေးများ ထွက်ပေါ်လာပေမဲ့ ကမ္ဘာနိုင်ငံအားလုံး ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး သာတူညီမျှရရှိရန် မရေရာမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါကဲ့သို့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေးတွေရဲ့ ၅၃ ရာခိုင်နှုန်းထက်မနည်း များပြားစွာ ကြိုတင်ဝယ်ယူထားရာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးရရှိရန် နှစ်နဲ့ချီ ကြာမြင့်နိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

ခွင့်ပြုချက်ရ ကာကွယ်ဆေးတွေ တဖြည်းဖြည်း ထွက်ပေါ်လာနေပေမဲ့ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၁၈၂ ဦးနဲ့ သေဆုံးသူ ၃၁ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၁၃,၀၈၂ ဦး၊ သေဆုံးသူ ၂,၃၇၇ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၉၁,၅၃၇ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၉,၁၆၈ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က