အကြံပေးအဖွဲ့က ထောက်ခံခဲ့ပြီးနောက် ဒုတိယမြောက် ကာကွယ်ဆေးတစ်ခုကို ခွင့်ပြုချက်ပေးရန် နီးစပ်လာခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင် အကြံပေးအဖွဲ့က ထောက်ခံခဲ့ပြီးနောက် အမေရိကန်မှာ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးတစ်ခုကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးရန် နီးစပ်လာပြီလို့ ဆိုပါတယ်။

(Photo: Moderna)

Moderna ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို အလျင်အမြန် ခွင့်ပြုချက်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေးအရေအတွက် သန်းနဲ့ချီ ပို့ဆောင်မှုတွေ စတင်လာနိုင်မယ်လို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) အကြီးအကဲက ပြောပါတယ်။



အမေရိကန်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က Pfizer-BioNTech ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ FDA က Moderna ကာကွယ်ဆေးကိုလည်း ခွင့်ပြုချက်ပေးသွားရန် ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အရေးပေါ်သုံးအဖြစ် တရားဝင် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

(Photo: AP)

ကျွမ်းကျင်သူတွေပါဝင်တဲ့ FDA ရဲ့ ပြင်ပ အကြံပေးအဖွဲ့က Moderna ကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုရှိမှုအပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ မရှိ၊ မဲမပေးသူတစ်ဦး မဲရလဒ်ဖြင့် ထောက်ခံချက်ပေးခဲ့ပါတယ်။ FDA အကြံပေးအဖွဲ့က Moderna ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့အထက် လူတွေမှာ ထိုးနှံသင့်ကြောင်း ပြောခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အကြံပေးအဖွဲ့က Pfizer-BioNTech ကာကွယ်ဆေးကိုလည်း ထိုသို့ ထောက်ခံခဲ့ပြီးနောက် FDA က တရားဝင် ခွင့်ပြုချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်အဖွဲ့က Moderna ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး COVID-19 ကို ကာကွယ်ပေးမှုမှာ ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ထောက်ခံပြောကြားခဲ့ကြပါတယ်။


အမေရိကန်အစိုးရက Moderna ကာကွယ်ဆေး သန်း ၂၀၀ ကြိုတင်ဝယ်ယူထားပြီး FDA က ခွင့်ပြုချက်ပေးပြီးပါက ကာကွယ်ဆေးအရေအတွက် ၆ သန်းကို ချက်ချင်း ပို့ဆောင်နိုင်ရန် အဆင့်သင့်ဖြစ်နိုင်ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇ သန်းကျော်၊ သေဆုံးသူ ၃၁၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၀ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က