တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ကာကွယ်ဆေးထိုးနှံမှု စတင်မယ်လို့ ဆိုပါတယ်။

တရုတ်က လာမယ်နှစ်အစောပိုင်းမှာ နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်အတွင်း အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုနဲ့အတူ ကာကွယ်ဆေးအစီအစဥ် စတင်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

(Photo: Reuters)

လက်ရှိမှာ တရုတ်ကာကွယ်ဆေးတွေ တရားဝင် ခွင့်ပြုချက်မ‌ရသေးပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက အများပြည်သူ ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်မယ့်အချိန်ကာလကို ပြောခဲ့တာဖြစ်ပါတယ်။ တရုတ်မှာ COVID-19 ကာကွယ်ဆေးတစ်ခုကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပြီးနောက် အနည်းဆုံး လူတစ်သန်းကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။



သို့သော် အစိုးရဝန်ထမ်းများနဲ့ နိုင်ငံတကာကျောင်းသူ/သားတွေကဲ့သို့ ဦးစားပေးအုပ်စုတွေကို ထိုးပေးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဖော်စပ်ထုတ်လုပ်မှု နောက်ဆုံးအဆင့်ရောက်ရှိနေတဲ့ COVID-19 ကာကွယ်ဆေးငါးမျိုးရှိပြီး မည်သည့် ကာကွယ်ဆေးကိုမျှ အာဏပိုင်တွေက တရားဝင် ခွင့်ပြုချက်မပေးထားသေးပါဘူး။

(Photo: Reuters)

ထိုကာကွယ်ဆေးတွေရဲ့ နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေကိုလည်း ထုတ်ပြန်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မီဒီယာကို ပြောကြားမှုအရ စီချွမ်ပြည်နယ်မှာ ဖေဖေါ်ဝါရီလအတွင်း တရုတ်နှစ်သစ်ကူးအားလပ်ရက်နောက်ပိုင်းမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးပေးသွားမယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာ ပြောကြားမှုအရ စီချမ်ပြည်နယ်သို့ ကာကွယ်ဆေးအရေအတွက် ၁၁၈,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်ပြီး ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ အုပ်စုတွေကို လာမယ့် ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ထိုးနှံပေးသွားပြီး နောက်ပိုင်းမှာ ကျန်ရှိတဲ့ ပြည်နယ်လူဦးရေကို ထိုးနှံသွားမယ်လို့ ဆိုပါတယ်။ စီချွမ်ပြည်နယ်မှာ စတင်ထိုးနှံပေးသွားမယ့် ကာကွယ်ဆေးဟာ မည်သည့်ကုမ္ပဏီထုတ်ဖြစ်ကြောင်းကိုတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

(Photo: AFP)

တရုတ်အစိုးရရဲ့ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်မှာ စီချွမ်ပြည်နယ်က ပထမဆုံးဖြစ်ပါတယ်။ COVID-19 ကို တရုတ်နိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ပြီးယခုအခါ ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ပြည်တွင်းကူးစက်မှုအချို့ ဆက်တိုက်တွေ့နေရဆဲ ဖြစ်ပါတယ်။

စီချွမ်ပြည်နယ်မှာလည်း လတ်တလော သီတင်းပတ်များအတွင်း သေးငယ်တဲ့ ကူးစက်မှုအစုအဝေးတစ်ခု တွေ့ခဲ့ရပါတယ်။ တရုတ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၆,၇၈၉ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၁,၈၅၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က