စက်ယန္တရားကြီးများနဲ့ အလုပ်သမားများဖြင့် နှင်းထုထဲမှာ နစ်နေတဲ့ကားတွေကို တစ်စီးပြီးတစ်စီး ဖယ်ရှားပေးနေခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကျရောက်ခဲ့ပြီးနောက် အဝေးပြးလမ်းမတစ်ခုပေါ် ကားအစီးရေ ၁,၀၀၀ ကျော် နှစ်ရက်ကြာ သောင်တင်ပိတ်မိနေခဲ့ကြရာ ကယ်ဆေးရေးသမားတွေက ကားများ မောင်းနှင်သွားလာနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

(Photo: Kyodo)

အာဏာပိုင်တွေက တိုကျိုမြို့တော်နဲ့ Niigata မြို့ကို ဆက်သွယ်ထားတဲ့ Kanetsu အဝေးပြေးလမ်းမပေါ်မှာ ပိတ်မိနေခဲ့ကြတဲ့ ယာဥ်မောင်းတွေအတွက် အစားအစာ၊ လောင်စာဆီနဲ့ ခြုံစောင်များ ဝေငှပေးခဲ့တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညပိုင်းမှစပြီး နှင်းများထူထပ်စွာ ကျရောက်နေခဲ့ရာ Niigata အဝေးပြေးလမ်းမတစ်လျှောက် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



နှင်းမုန်တိုင်းကြောင့် ဂျပန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ နေအိမ် ၁၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ဂျပန်သတင်းဌာန Kyodo က ပြောကြားမှုအရ Kanetsu အဝေးပြေးလမ်းရဲ့ မတူညီတဲ့ နေရာတွေမှာ ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းပေးပို့မှု အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက နောက်တွဲယာဥ်တစ်စီး နှင်းများထဲနစ်သွားခဲ့ရာမှ ကားလမ်းပိတ်ဆို့မှု စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နောက်ထပ် Kyodo သတင်းတစ်ရပ်က ရဲတပ်ဖွဲ့နဲ့ အဝေးပြေးလမ်းကုမ္ပဏီ East Nippon Expressway Co. တို့ကို ကိုးကားဖော်ပြမှုအရ ကားလမ်းပိတ်ဆို့မှု ကားများတန်းစီရပ်ထားရမှုဟာ အဝေးပြေးလမ်းမတစ်လျှောက် ၁၀ မိုင်အထိရှည်လျားတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက စက်ယန္တရားကြီးများနဲ့ အလုပ်သမားများဖြင့် နှင်းထုထဲမှာ နစ်နေတဲ့ကားတွေကို တစ်စီးပြီးတစ်စီး ဖယ်ရှားပေးနေခဲ့ပါတယ်။ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းအထိ ကားအစီးရေ ၁,၀၀၀ ခန့် အဝေးပြေးလမ်းပေါ်မှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

(Photo: Taketo Oishi/AP/Picture Alliance)

"ယာဥ်မောင်းနဲ့ ခရီးသည်တွေကို ကယ်တင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးပမ်းနေပါတယ်၊ ကားတွေ မောင်းနှင်သွားလာနိုင်ဖို့ လုပ်ဆောင်မှုတွေကို တစ်ညလုံး ဆက်လုပ်ဖို့ အဆင်သင့်ပါပဲ" လို့ Niigata သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူက AFP သတင်းဌာကို ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) ညပိုင်းမှာ ပြောခဲ့ပါတယ်။

နှင်းများထူထပ်စွာကျမှုကြောင့် အနီးအနားရှိ Joshinetsu Expressway အဝေးပြေးလမ်းမှာလည်း နောက်ထပ် ကားလိမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး ကားအစီးရေ ၃၀၀ သောင်တင်နေခဲ့ကြပါတယ်။ Joshinetsu အ‌ဝေးပြေးလမ်းမှာ ကားလမ်းပိတ်ဆို့မှုဟာ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ ၁၇ ရက် မနက်ပိုင်းအထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

နှင်းများထူထပ်စွာကျမှုဟာ သီတင်းပတ်ကုန်ရက်များအထိ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒါဆူဂါက အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူထားပြီး အများပြည်သူအနေနဲ့ သတိထားကြရန် တိုက်တွန်းခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က