လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ကာကွယ်ဆေးအချို့ကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးဖွယ်ရှိပါတယ်။

အိန္ဒိယနိုင်ငံက အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စတင်သွားရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုအစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အမည်မဖော်ပြရန် မေတ္တာရပ်ခံထားတဲ့ တာဝန်ရှိသူတွေရဲ့ အဆိုအရ အိန္ဒိယမှာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ကာကွယ်ဆေးအချို့ကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးသွားဖွယ်ရှိကြောင်း သိရပါတယ်။ အိန္ဒိယမှာ ကုမ္ပဏီနှစ်ခုက ကာကွယ်ဆေး ခွင့်ပြုချက်အတွက် တင်ပြလျှောက်ထားခဲ့ပြီး နောက်ထပ် ကုမ္ပဏီခြောက်ခုက မတူညီတဲ့အဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အိန္ဒိယအစိုးရက လာမယ့် ဩဂုတ်လအစောပိုင်းမှာ လူဦးရေ သန်း ၃၀၀ ကို COVID-19 ကာကွယ်ဆေးထိုးပြီးသားဖြစ်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။



လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း အမေရိကန်ပြီးလျှင် ဒုတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၁၄၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။ လတ်တလောမှာတော့ အိန္ဒိယရဲ့ COVID-19 ကူးစက်မှုနှုန်းဟာ နှေးကွေးကျဆင်းလာတဲ့ လက္ခဏာများတွေ့ရတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

အသုံးပြုနိုင်တဲ့ ကာကွယ်ဆေးများ

အိန္ဒိယအခြေစိုက် Serum Institute of India နဲ့ ဗြိတိန်မှ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနဲ့ Bharat BioTech က Indian Council of Medical Research (ICMR) နဲ့အတူ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို ခွင့်ပြုချက်လျှောက်ထားပြီး ဖြစ်ပါတယ်။ အိန္ဒိယမှာ အသုံးပြုနိုင်ဖွယ်ရှိပြီး မတူညီတဲ့အဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ နောက်ထပ် COVID-19 ကာကွယ်ဆေးတွေကတော့ -

  • အာမက်ဒါဘက်မြို့ အခြေစိုက် Zydus-Cadila ကုမ္ပဏီထုတ် ZyCov-Di ကာကွယ်ဆေး
  • အိန္ဒိယရဲ့ ပထမဆုံး ကာကွယ်ဆေးထုတ်လုပ်ရေး ပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့ အခြေစိုက် Biological E က MIT နဲ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေး
  • ပူနီမြို့ အခြေစိုက် Genova ကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ အခြေစိုက် HDT Biotech Corporation တို့ ပူးပေါင်းထုတ်လုပ်တဲ့ အိန္ဒိယရဲ့ ပထမဆုံး mRNA နည်းပညာသုံး HGCO19 ကာကွယ်ဆေး
  • Bharat BioTech ကုမ္ပဏီထုတ် နှာခေါင်းဖြန်း ကာကွယ်ဆေး
  • Dr Reddy's Lab နဲ့ ရုရုမှား Gamaleya National Centre တို့ရဲ့ Sputnik V ကာကွယ်ဆေး
  • Serum Institute of India နဲ့ အမေရိကန် ကာကွယ်ဆေးကုမ္ပဏီ Novavax တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။

အိန္ဒိယမှာ အသုံးပြုရန် အလားအလာရှိတဲ့ ကာကွယ်ဆေး ၈ မျိုးအနက် ၄ မျိုးဟာ ပြည်တွင်းကုမ္ပဏီတွေက ထုတ်လုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယက ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီများထံမှ ကာကွယ်ဆေးအရေအတွက် သန်းနဲ့ချီ ကြိုတင်မှာကြား ဝယ်ယူထားခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြမှုကို တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။

ပြည်တွင်းထုတ် ကာကွယ်ဆေးပမာဏကို ၎င်းတို့အနေနဲ့ ကျေနပ်မှုရှိကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အိန္ဒိယ ကာကွယ်ဆေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute of India နဲ့ Bharat BioTech ကုမ္ပဏီ နှစ်ခုတည်းကပင် တစ်လလျှင် ကာကွယ်ဆေးအရေအတွက် ၆၅ သန်း ထုတ်လုပ်နိုင်ကြောင်း တာဝန်ရှိသူတွေက ဖြည့်စွက်ပြောခဲ့ပါတယ်။

ကာကွယ်ဆေးအစီအစဥ်

အိန္ဒိယက လာမယ့် ဇန်နဝါရီမှ ဩဂုတ်လအစောပိုင်း ကာလအတွင်း လူဦးရေ သန်း ၃၀၀ ဝန်းကျင်ကို COVID-19 ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေအားဖြင့် ကျန်းမာရေးဝန်ထမ်း ၁၀ သန်းကို ပထမဆုံး ထိုးပေးသွားမှာဖြစ်ပြီး ထို့နောက် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ၊ မြို့အုပ်ချုပ်ရေးနဲ့ COVID-19 တိုက်ဖျက်ရေး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများကို ဆက်လက် ထိုးပေးမယ်လို့ သိရပါတယ်။

နောက်ထပ် COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ့် အုပ်စုတွေမှာတော့ အသက် ၅၀ အထက်နဲ့ နဂိုကျန်းမာရေးပြဿနာရှိတဲ့ အသက် ၅၀ အောက်တွေ ပါဝင်ပါတယ်။ အိန္ဒိယဟာ ယခင်ကတည်းက ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို ဆောင်ရွက်နေခဲ့တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဥ် မိခင်နဲ့ မွေးကင်စကလေး သန်း ၄၀ ကျော်ကို ရောဂါ ၁၂ မျိုးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးနေပါတယ်။

လူဦးရေ ၁ ဘီလီယံကျော်ကို ကာကွယ်ဆေးထိုးမယ့် အိန္ဒိယရဲ့အစီအစဥ်

သူနာပြုနဲ့ သားဖွားဆရာမ ၂၂၃,၀၀၀ အနက်မှ ၁၅၄,၀၀၀ က ကာကွယ်ဆေးအစီအစဥ်မှာ ပါဝင်ပြီး ကာကွယ်ဆေးထိုးပေးသွားမယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ထို့အတူ နောက်ဆုံးနှစ် သူနာပြု ကျောင်းသူ/သားတွေကိုလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကြရန် ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ကာကွယ်ဆေးများ သိုလှောင်ထားရှိရန် အအေးခန်းနေရာ ၂၉,၀၀၀ ရှိထားပြီး ဖြစ်ပါတယ်။ တာဝန်ရှိသူတွေရဲ့ အဆိုအရ Haryana ၊ Karnataka နဲ့ West Bengal ရှိ အပူချိန် အနုတ် ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထိန်းညှိထားနိုင်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း သုတေသနစင်တာများနဲ့ အခြား အအေးခန်းနေရာများလည်းရှိကြောင်း သိရပါတယ်။

Source and Photo: Reuter, BBC, AFP, EPA-EFE

Share

Loading Next Article...
က္က