COVID-19 ဖြစ်စေတဲ့ မျိုးဗီဇအသစ်နဲ့ ဗိုင်းရပ်စ်ဟာ ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခဲ့ပါတယ်။

ဗြိတိန်မှာ တွေ့ရှိလာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) အသစ်ကို မထိန်းချုပ်နိုင်ဖြစ်နေတာကြောင့် ခရစ်စမတ်ကာလအတွင်း လန်ဒန်တစ်မြို့လုံး အပါအဝင် အင်္ဂလန်ရဲ့ နေရာတွေနဲ့ ဝေးလ်တို့မှာ ပိုမိုတင်းကျပ်တဲ့ lockdown သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Retuers)

"အိမ်မှာပဲနေဖို့ Stay at Home အမိန့်နဲ့ မရှိမဖြစ် မဟုတ်တဲ့ ဆိုင်တွေပိတ်ထားဖို့ကို ကျွန်တော်တို့ အရမ်းလျင်မြန်စွာနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ပါတယ်၊ ဒါက အင်္ဂလန်လူဦးရေ သုံးပုံတစ်ပုံကို သက်ရောက်မှုရှိပါတယ်၊ ကံမကောင်းစွာနဲ့ပဲ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး၊ ဒါကို ကျွန်တော်တို့ ထိန်းချုပ်ရမှာပါ" လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။



တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေဟာ ဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့်အဝရရှိချိန်အထိ ကြာမြင့်နိုင်ကြောင်းလည်း ဟန်းကွတ်ခ်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း COVID-19 ဖြစ်စေတဲ့ မျိုးဗီဇအသစ်နဲ့ ဗိုင်းရပ်စ်ဟာ ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခဲ့တာကြောင့် လူဦးရေ သန်းနဲ့ချီ ခရစ်စမတ်အစီအစဥ်တွေ ဖျက်သိမ်းရမှာဖြစ်ပြီး အိမ်မှာနေကြရမယ်လို့ စနေနေ့ (ဒီဇင်ဘာ ၁၉ ရက်) မှာ ကြေညာခဲ့ပါတယ်။

(Photo: Reuters)

ဒီဇင်ဘာ ၂၀ ရက်နေ့မှစပြီး လူဦးရေ ၁၆.၄ သန်း သို့မဟုတ် အင်္ဂလန်လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး အတင်းကျပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ (tier four) ကန့်သတ်ချက်များအရ နေထိုင်ကြရမယ်လို့ ဆိုပါတယ်။ ဗြိတိန်အစိုးရက lockdown သတ်မှတ်ချက်အသစ်ကို လန်ဒန်တစ်မြို့လုံး၊ အင်္ဂလန်အရှေ့နဲ့ အရှေ့တောင်ပိုင်း၊ ‌‌ဝေးလ်တို့မှာ ထုတ်ပြန်ထားပါတယ်။

မျိုးဗီဇကွဲပြားတဲ့ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလာရမှု အရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အနီးကပ်ဆက်သွယ်ဆောင်ရွက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။ ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မူလဗိုင်းရပ်စ်ထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပေမဲ့ ပိုမိုသေစေနိုင်တာမျိုး မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။

(Photo: Getty Images)

အစောပိုင်း လေ့လာမှုတွေအရ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၉ ရက် ရုပ်မြင်သံကြားမှတစ်ဆင့် ရှင်းလင်းပြောကြားမှုအတွင်း ပြောခဲ့ပါတယ်။ ဗြိတိန်မှာ COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်ဖြစ်ပွားနေတာကြောင့် နိုင်ငံ ၉ ခုထက်မနည်းက ဗြိတိန်သို့ ခရီးသွားလာမှု ကန့်သတ်လိုက်ကြောင်းလည်း သိရပါတယ်။

နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဩစတြီးယား၊ အစ္စရေးနဲ့ အိုင်ယာလန်တို့က ဗြိတိန်မှ လေကြောင်းခရီးစဥ်များကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်ပြီဖြစ်ပြီး သေဆုံးသူ ၆၇,၀၀၀‌ ကျော်ရှိခဲ့ပါတယ်။

(Photo: Reuters)

ဗြိတိန်အစိုးရက နိုင်ငံမှာ ပထမဆုံး COVID-19 ကာကွယ်ဆေးအဖြစ် Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီး အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုများ ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရမှုနဲ့အတူ ကူးစက်မှုများ သိသာစွာ မြင့်တက်နေခဲ့တာကြောင့် လန်ဒန်တစ်မြို့လုံး၊ Essex နဲ့ Hertfordshire ရဲ့ နေရာဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှစပြီး ကူးစက်မှုထိန်းချုပ်ရေး ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ (tier three) ကန့်သတ်ချက်များ ထုတ်ပြန်ထားခဲ့ပါတယ်။

Share

Loading Next Article...
က္က