အန္တာတိကတိုက်ရှိ ချီလီစစ်တပ် သုတေသနဌာနမှာ ကူးစက်မှုများ တွေ့ခဲ့ရပါတယ်။

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ယခုအခါ ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်လုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အန္တာတိကတိုက်ကိုလည်း ယခုနောက်ဆုံး ပျံ့နှံ့ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အန္တာတိကတိုက်ရှိ Bernardo O'Higgins သုတေသနဌာနမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရသူ ၃၆ ဦး တွေ့ရှိရတယ်လို့ ချီလီနိုင်ငံ စစ်တပ်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။ ကူးစက်ခံရသူ ၃၆ ဦးအနက် ၂၅ ဦးဟာ စစ်ဘက်အမှုထမ်းများဖြစ်ပြီး ၁၀ ဦးကတော့ ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားများ ဖြစ်ကြပါတယ်။



၎င်းတို့ကို ချီလီနိုင်ငံသို့ ရွှေ့ပြောင်းခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ အန္တာတိကတိုက်ရှိ သုတေသနဌာနသို့ ထောက်ပံ့ရေးပစ္စည်းများနဲ့ အမှုထမ်းများ ပို့ဆောင်ပေးတဲ့ သင်္ဘောတစ်စီးပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးတွေ့ရှိရကြောင်း ချီလီရေတပ်က အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာ ထိုသုတေသနဌာနမှာ ကူးစက်မှုများ စစ်ဆေးတွေ့ရှိလာခဲ့ပါတယ်။


အန္တာတိကတိုက်ရှိ သုတေသနဌာနမှာ ကူးစက်မှုတွေ့ရခြင်းနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုအခါ ကမ္ဘာ့တိုက်ကြီးများအားလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Sargento Aldea သင်္ဘောဟာ အန္တာတိကတိုက်ရှိ သုတေသနဌာနသို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချီလီသို့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

ထိုသင်္ဘောမှ အမှုထမ်းများ Talcahuano မြို့ရှိ ချီလီရေတပ်စခန်းသို့ ပြန်လည်ရောက်ရှိလာစဥ် စစ်ဆေးခဲ့ရာ သုံးဦးထံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ရပါတယ်။ အန္တာတိကခရီးစဥ် သွားရောက်ခဲ့တဲ့ သင်္ဘောပေါ်မှာ အမှုထမ်း ၂၀၈ လိုက်ပါသွားခဲ့ကြတယ်လို့ ဆိုပါတယ်။


Bernardo O'Higgins သုတေသနဌာနဟာ အန္တာတိကမှာရှိတဲ့ ချီလီနိုင်ငံရဲ့ အမြဲတမ်း အခြေစိုက်နေရာ လေးခုအနက်မှ တစ်ခုဖြစ်ပြီး စစ်တပ်က လုပ်ငန်းများဆောင်ရွက်ပါတယ်။ ချီလီဟာ လက်တင်အမေရိကမှာ ဆဌမမြောက် COVID-19 ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅၈၅,၀၀၀ ကျော် တွေ့ရှိထားပါတယ်။ အန္တာတိကတိုက်ရှိ ဗြိတိန်ရဲ့ British Antarctic Survey ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သုတေသနလုပ်ငန်းတွေကို လျှော့ချထားမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကြေညာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က