တောင်အာဖရိကမှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံသူနှစ်ဦး ဗြိတိန်မှာ တွေ့ရှိလာရတာ ဖြစ်ပါတယ်။

မကြာသေးမီက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိခဲ့ရတဲ့ ဗြိတိန်နိုင်ငံမှာ နောက်ထပ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူနှစ်ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ပြောပါတယ်။

(ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်) (Photo: Reuters)

အဆိုပါ ကူးစက်ခံရသူနှစ်ဦးဟာ တောင်အာဖရိကနိုင်ငံသို့ ခရီးသွားခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကမှာလည်း လတ်တလော ကူးစက်မှုများ ပြန်မြင့်တက်လာမှုနဲ့ ဆက်နွယ်နေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိရကြောင်း ကျန်းမာရေးဌာနက ပြောထားခဲ့ပါတယ်။ ယခုအခါ ဗြိတိန်နဲ့ တောင်အာဖရိကကြား ခရီးသွားလာမှုကို ပိတ်ပင်ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း တောင်အာဖရိကသို့ ခရီးသွားခဲ့သူတွေနဲ့ ကူးစက်ခံရသူနှစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့သူတွေဟာ ချက်ချင်း အသွားအလာကန့်သတ် နေထိုင်ကြရန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး တောင်အာဖရိကနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

(Photo: AP)

ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် နှစ်မျိုးလုံးမှာ N501Y ခေါ် မျိုးဗီဇပြောင်းမှုရှိပြီး ၎င်းဟာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ ကူးစက်ဝင်ရောက်ရန် အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် နှစ်မျိုးလုံးဟာ ပိုမိုကူးစက်မြန်ကြောင်း Public Health England (PHE) မှ ပါမောက္ခ ဆူဇန်ဟော့ပ်ကင်းစ်က ပြောပါတယ်။

ဗြိတန်မှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုပျံ့နှံ့မှုကို အသွားအလာကန့်သတ်နေထိုင်ခြင်းနဲ့ ခရီးသွားလာမှုဆိုင်ရာ စည်းမျဥ်းများဖြင့် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း သူမက ဆိုပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပြီး နိုင်ငံရဲ့ နေရာဒေသတွေမှာ အဓိကတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာကြောင်း တောင်အာဖရိကမှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Photo: Reuters)

ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ဟာလည်း ကနဦး လေ့လာမှုတွေအရ မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ သို့သော် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ လေ့လာတွေ့ရှိထားမှုအရ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က COVID-19 ရောဂါ ပိုမိုပြင်းထန်စေမှု သို့မဟုတ် ပိုမိုသေဆုံးစေနိုင်မှုတို့ ဖြစ်နိုင်တဲ့ အထောက်အထား မတွေ့ရဘူးလို့ PHE က ပြောထားပါတယ်။

ထို့အတူ ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ Pfizer-BioNTech ကာကွယ်ဆေးက ဗိုင်းရပ်စ်အသစ်ကို ကာကွယ်မပေးနိုင်တဲ့ အထောက်အထား မတွေ့ရကြောင်း PHE မှ ပါမောက္ခ ဆူဇန်ဟော့ပ်ကင်းစ်က ဆိုပါတယ်။ PHE က ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိနားလည်နိုင်ရန် ဆက်လက် လေ့လာနေဆဲဖြစ်ပါတယ်။

(Photo: AFP)

ကူးစက်မှု ပိုမိုမြန်ဆန်တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရတာကြောင့် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်းကဲ့သို့ COVID-19 ရောဂါကာကွယ်ရေး စည်းမျဥ်းတွေကို ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်သင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ၂၀၁၉ နှစ်ကုန်မှစပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပြောင်းလဲမှုများ ထောင်နဲ့ချီ ရှိခဲ့တယ်လို့ COVID-19 Genomics Consortium UK (COG-UK က ပြောထားပါတယ်။

အန္တာတိကမှာ ကူးစက်မှုတွေ့ရခြင်းနဲ့အတူ ကမ္ဘာ့တိုက်ကြီးများအားလုံးသို့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရောက်ရှိ

ဗိုင်းရပ်စ်အားလုံးဟာ မျိုးဗီဇပြောင်းလေ့ရှိပြီး အသစ်ဖြစ်လာတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေမှာ အနည်းငယ်မျှသာ ပြောင်းလဲမှုတွေ့ရတတ်ပါတယ်။ မျိုးဗီဇပြောင်းမှု အများစုဟာ ဗိုင်းရပ်စ် သို့မဟုတ် ၎င်းရဲ့ ပြုမူစွမ်းဆောင်နိုင်မှုအပေါ် များစွာ သက်ရောက်မှုမရှိတတ်ဘူးလို့ ဆိုပါတယ်။ သို့သော် ဗြိတိန်နဲ့ တောင်အာဖရိကမှာ ယခုနောက်ဆုံး တွေ့ရှိလာရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် နှစ်မျိုးကတော့ ကူးစက်မှု သိသာစွာ ပိုမိုမြန်ဆန်နေခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က