ကိုယ်အလေးချိန်ပိုများနေသူတွေရဲ့ ၁၆ ရာခိုင်နှုန်းကျော်ကတော့ အဝလွန်တဲ့အခြေအနေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ ထက်ဝက်ကျော် သို့မဟုတ် လူဦးရေ သန်း ၅၀၀ ကျော်ဟာ ယခုအခါ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများနေကြောင်း အစိုးရရဲ့ တရားဝင်အစီရင်ခံစာတစ်ခုက တွေ့ရှိခဲ့ပါတယ်။

(Photo: RNZ)

ထိုကိန်းဂဏန်းတွေဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း သိသာစွာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ထိုစဥ်က တရုတ်ရဲ့ အရွယ်ရောက်ပြီးသူ ၂၉ ရာခိုင်နှုန်းက ပုံမှန်ထက် ပိုဝနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံရဲ့ လျင်မြန်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက လူနေမှုပုံစံ၊ နေ့စဥ် စားသောက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု အလေ့အထတို့ကို ကြီးမားတဲ့ အပြောင်းအလဲများ ဖြစ်စေခဲ့ပါတယ်။



တရုတ်အစိုးရက အဝလွန်မှုများ မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဥ်တွေကို အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ထက်ပိုမြင့်တက်နေခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ အပါအဝင် ရောဂါအများအပြား ဖြစ်စေနိုင်တဲ့အန္တရာယ်ရှိပါတယ်။

(Photo: Getty Images)

ကိုယ်အလေးချိန် ပုံမှန်ထက်ပိုများနေသူတွေ သို့မဟုတ် အဝလွန်နေသူတွေဟာ COVID-19 ဖြစ်ပါက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ သို့မဟုတ် သေဆုံးခြင်း ပိုဖြစ်နိုင်ကြောင်း လေ့လာမှုများက တွေ့ရှိထားခဲ့ရာ အဝလွန်မှုကို ကပ်ရောဂါကာလအတွင်း ဂရုပြုစရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်ကျန်းမာရေးကော်မရှင် (National Health Commission - NHC) က ဒီဇင်ဘာ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အရွယ်ရောက်ပြီးသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများပြီး ဝ,နေကြကြောင်းနဲ့ ၎င်းတို့အနက် ၁၆.၄ ရာခိုင်နှုန်းကတော့ အဝလွန်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

(Photo: Xinhua)

ပုံမှန်ကိုယ်အလေးချိန်ထက်ပိုများပြီး ဝလွန်းနေခြင်းဟာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြခဲ့ပြီး တရုတ်မှာ အရွယ်ရောက်ပြီး လူဦးရေရဲ့ လေးပုံတစ်ပုံအောက်ကသာ တစ်ပတ်တစ်ကြိမ် ကိုယ်လက်လှုပ်ရှားမှုလုပ်နေကြတယ်လို့ ဆိုပါတယ်။ ထို့အတူ အသားစားမှု မြင့်တက်လာခြင်းနဲ့ အသီးအနှံစားမှု လျော့နည်းလာခြင်းကလည်း အဝလွန်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေလို့ NHC အစီရင်ခံစာက ပြောထားပါတယ်။

တရုတ်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ အများအပြားဟာ ယခုအခါ ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းပြီး စိတ်ဖိစီးမှု အလွန်များကြောင်းနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အလုပ်အစီအစဥ် ရှိနေကြကြောင်း Harbin မြို့ရှိ အာဟာရပညာရှင် Wang Dan က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Doha News)

လတ်တလော နှစ်များအတွင်း ကိုယ်အလေးချိန် ပုံမှန်ထက်ပိုများသူ သို့မဟုတ် အဝလွန်သူအရေအတွက် မြင့်တက်လာမှုဟာ တရုတ်တစ်နိုင်ငံတည်းမှာသာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုနှစ်အစောပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အစီရင်ခံစာအရ ဝင်ငွေနိမ့်နဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်း အဝလွန်မှုဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း သုံးဆဖြစ်လာကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်းဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများခဲ့ပြီး ၎င်းတို့အနက် ၁၃ ရာခိုင်နှုန်းဟာ အဝလွန်သူတွေဖြစ်ကြောင်း WHO က ခန့်မှန်းထားခဲ့ပါတယ်။ WHO အစီရင်ခံစာအရ ပင်လယ်ကွေ့ နိုင်ငံငယ်လေးဖြစ်တဲ့ ကာတာနိုင်ငံဟာ ကိုယ်အလေးချိန်မြင့်တက်မှု အဆိုးဆုံးဖြစ်နေခဲ့ပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေ သို့မဟုတ် အဝလွန်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က