ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပင် lockdown အစီအစဥ်ကို ကြေညာခဲ့ပါတယ်။
Ko John

အစ္စရေးက လာမယ့် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၇ ရက်) မှစပြီး တစ်နိုင်ငံလုံးကို lockdown လုပ်ထားမယ်လို့ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ကြေညာလိုက်ပါတယ်။

(Photo: Olivier Fitoussi/Flash90 )

COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပင် တတိယအကြိမ် တစ်နိုင်ငံလုံး lockdown သတ်မှတ်မယ့်အစီအစဥ်ကို အစ္စရေးအစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။ "တနင်္ဂနွေနေ့ ညနေ ၅ နာရီမှစပြီး တစ်နိုင်ငံလုံးကို သီတင်းနှစ်ပတ်ကြာ lockdown သတ်မှတ်ဆောင်ရွက်မှု စတင်သက်ရောက်မှာ ဖြစ်ပါတယ်" လို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူရဲ့ ရုံးခန်းက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

COVID-19 ရှိသူတစ်ဦးက ထပ်ဆင့်ကူးစက်မှုနှုန်း ကိန်းဂဏန်း ၁ အောက်သို့ မရောက်ဘဲ နေ့စဥ် ကူးစက်မှုအသစ် ၁,၀၀၀ အောက် ကျဆင်းသွားခြင်းမရှိခဲ့ပါက ယခု lockdown အစီအစဥ်ကို နောက်ထပ် သီတင်းနှစ်ပတ် တိုးချဲ့ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။ Lockdown သတ်မှတ်ချက်အရ အစ္စရေးမှာနေထိုင်သူတွေဟာ ၎င်းတို့ရဲ့ နေအိမ်များမှ အကွာအဝေး ၀.၇ မိုင်ထက်ပိုပြီး ခရီးသွားလာခွင့်ကို တားမြစ်ထားပြီး စီးပွားရေးလုပ်ငန်းတွေကို အိမ်အရောက်ပို့ဆောင်မှုများကလွဲပြီး ပိတ်ထားရမှာ ဖြစ်ပါတယ်။

(Photo: AP)

ကာကွယ်ဆေးထိုးရန် ခရီးသွားသူတွေကိုတော့ ချွင်းချက်ဖြင့် ခွင့်ပြုထားမှာဖြစ်ပြီး ကျောင်းများကို အချို့ အသက်အရွယ်အုပ်စု ကျောင်းသူ/သားများအတွက် ဆက်လက် ဖွင့်လှစ်သင်ကြားမယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း COVID-19 ကူးစက်မှုနှုန်း ကမ္ဘာ့အမြင့်ဆုံး နိုင်ငံတွေအနက် ပါဝင်ခဲ့စဥ်က နောက်ဆုံးအကြိမ် lockdown သတ်မှတ်ခဲ့ပါတယ်။

ယခု lockdown အစီအစဥ်သစ်အရ အပန်းဖြေနေရာတွေကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ လူဦးရေ ၉ သန်းရှိတဲ့ အစ္စရေးနိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၈၅,၀၂၂ ဦးနဲ့ သေဆုံးသူ ၃,၁၅၀ ဦးရှိခဲ့ပါတယ်။ အစ္စရေးတစ်နိုင်ငံလုံး COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ကို တနင်္လာနေ့ (ဒီဇင်ဘာ ၂၁ ရက်) မှာ စတင်ခဲ့ကြောင်းလည်း သိရပါတယ်။

(အစ္စရေးဝန်ကြီးချုပ်ကို ကာကွယ်ဆေးထိုးစဥ်) (Photo: AP)

အစ္စရေးက အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ပထမဆုံးအသုတ် လက်ခံရရှိခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်) ထုတ်ပြန်မှုအရ ဗြိတိန်နဲ့ တောင်အာဖရိကမှာ ထွက်ပေါ်လာခဲ့ပြီး ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဦး တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိလာရပြီးနောက် အစ္စရေးက ဗြိတိန်၊ ဒိန်းမတ်နဲ့ တောင်အာဖရိကမှာ နိုင်ငံခြားသားများ ဝင်ရောက်မှုကို ယခု သီတင်းပတ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ထို့အတူ ပြည်ပမှ ရောက်ရှိလာသူအားလုံးကိုလည်း စည်းမျဥ်းသတ်မှတ်ချက်အရ မဖြစ်မနေ အသွားအလာကန့်သတ်နေထိုင်ရန် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က