COVID-19 ကြောင့် လူဦးရေ ၁.၇ သန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ သန်း ၈၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်း ဖော်ပြမှုအရ သိရှိရပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၈၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၇ သန်းကျော် (၁,၇၅၆,၀၆၄ ဦး) သေဆုံးခဲ့ပြီး ၅၆.၄ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ၇၅ သန်း ကျော်လွန်ခဲ့တာဖြစ်ပြီး ၈ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၁,၆၆၈,၁၆၆ ဦးမှ ၈ ရက်အတွင်း ၈၇,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၇၀ ကျော်အနက် ၂၂ သန်းနီးပါးဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၉ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၃၃၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း ဘာတွေသိထားပြီလဲ?

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၄၇,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၇.၄ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၉၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

ဥရောပနိုင်ငံတွေမှာ ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ပြင်သစ်၊ အီတလီ၊ ဂျာမနီ အပါအဝင် နိုင်ငံတွေက ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း lockdown သတ်မှတ်ချက်များ ထုတ်ပြန်ထားပါတယ်။ ထိုအတောအတွင်း ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို ဗြိတိန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားတို့မှာ တွေ့ရှိလာရပါတယ်။ ဗြိတိန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အရှေ့တောင်အာရှရှိ စင်ကာပူမှာ တွေ့ရှိထားပါတယ်။

ဗြိတိန်က Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာလ အစောပိုင်းမှာ ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ ထို့အတူ အမေရိကန်၊ ဆော်ဒီ၊ မက္ကစီကို၊ ချီလီတို့မှာလည်း Pfizer-BioNTech ကာကွယ်ဆေးထိုးနှံပေးနေပြီလို့ သိရပါတယ်။ ရုရှားကတော့ ၎င်းရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V ကို အများပြည်သူအား ထိုးပေးနေပါတယ်။

(Photo: AFP)

ဥရောပသမဂ္ဂကလည်း Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွေ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်မယ်လို့ ဂျာမနီက ပြောထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲနဲ့ လုပ်ဆောင်ပြီးခဲ့တဲ့ အလားအလာကောင်းတဲ့ ကာကွယ်ဆေးများ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

ဆင်းရဲချမ်းသာကွာဟမှုနဲ့ ကိုဗစ်ကာကွယ်ဆေး

၎င်းတို့အနက် Pfizer-BioNTeh ၊ Moderna ၊ Sputnik V ၊ Oxford-AstraZeneca ကာကွယ်ဆေးတွေဟာ COVID-19 ကို အနိမ့်ဆုံး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Sinovac နဲ့ Sinopharm ကဲ့သို့ ကာကွယ်ဆေးတွေကလည်း အလားအလာကောင်းတွေရှိနေပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးများ ထွက်ပေါ်လာပေမဲ့ ကမ္ဘာနိုင်ငံအားလုံး ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး သာတူညီမျှရရှိရန် မရေရာမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါကဲ့သို့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေးတွေရဲ့ ၅၃ ရာခိုင်နှုန်းထက်မနည်း များပြားစွာ ကြိုတင်ဝယ်ယူထားရာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးရရှိရန် နှစ်နဲ့ချီ ကြာမြင့်နိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

ထိုအတောအတွင်း ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ အန္တာတိကတိုက်မှာ ကူးစက်မှုများ တွေ့ရှိလာရမှုနဲ့အတူ COVID-19 ဟာ ကမ္ဘာ့တိုက်ကြီး ခုနစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြောင်း သိရပါတယ်။ အန္တာတိကတိုက်ရှိ ချီလီနိုင်ငံရဲ့ သုတေသနစခန်းမှာ ကူးစက်မှုများ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ခွင့်ပြုချက်ရ ကာကွယ်ဆေးတွေ တဖြည်းဖြည်း ထွက်ပေါ်လာနေပေမဲ့ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အာရှဒေသမှ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာတာကြောင့် တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်များ ထုတ်ပြန်ဆောင်ရွက်နေပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။

အိမ်မှာအလွယ်တကူစစ်နိုင်ပြီး မိနစ် ၂၀ အတွင်း အဖြေထွက်တဲ့ ကိုဗစ်စစ်ကိရိယာ အမေရိကန် FDA ခွင့်ပြုချက်ရ

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာမှ ယခုအခါမှာတော့ ကူးစက်မှုနှုန်း အကျဘက်ကို ဦးတည်နေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၇၅၈ ဦးနဲ့ သေဆုံးသူ ၂၀ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၂၀,၅၄၆ ဦး၊ သေဆုံးသူ ၂,၅၅၂ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၀၀,၉၄၀ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၇,၀၅၄ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က