မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ၎င်းတို့ နိုင်ငံတွေမှာ တွေ့ရကြောင်း ပြင်သစ်၊ စပိန်နဲ့ ဂျပန်နိုင်ငံတို့က အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ကမ္တာတစ်ဝန်း ဗိုင်းရပ်စ်သစ်ကူးစက်မှု တွေ့ရတဲ့နိုင်ငံ ၁၄ နိုင်ငံရှိလာပါတယ်။

(Photo: AFP)

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ COVID-19 အတည်ပြုလူနာ အမျိုးသားကို နိုင်ငံအလယ်ပိုင်း Tours မြို့မှာ တွေ့ရှိရတာဖြစ်ပြီး ဒီဇင်ဘာ ၁၉ နေ့မှာ လန်ဒန်မြို့မှ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ထိုအမျိုးသားဟာ COVID-19 ရောဂါလက္ခဏာမပြကြောင်းနဲ့ ၎င်းကို နေအိမ်မှာ သီးခြားခွဲထားရှိကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။



အင်္ဂလန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုကြောင့် ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ နိုင်ငံတွေက ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံကလည်း အစောပိုင်းက ဗြိတိန်နဲ့ နယ်စပ်ကို ပိတ်ပင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ဖွင့်ရန် သဘောတူညီခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၃ ရက်) မှာ နယ်စပ်ပြန်ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ပြင်သစ်က နယ်စပ်ဖြတ်ကျော် သွားလာသူတွေကို COVID-19 မရှိကြောင်း စစ်ဆေးအတည်ပြုပြီးမှသာ ခွင့်ပြုပေးခဲ့ပါတယ်။ COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်ရတာကြောင့် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းမယ့် ကုန်တင်ကားမောင်းသမား ထောင်နဲ့ချီပြီး Kent နယ်မြေမှာ ခရစ်စမတ်နေ့က စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

ပြင်သစ်မှာ ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပထမဆုံး ကူးစက်ခံရသူကို ဒီဇင်ဘာ ၂၁ ရက်နေ့က ဆေးရုံမှာ ဗိုင်းရပ်စ်စစ်ဆေးစဥ် အတည်ပြုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအမျိုးသားဟာ ဗြိတိန်မှာနေထိုင်တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်းနဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(Photo: AP)

ပြင်သစ်ကဲ့သို့ပင် အာရှဒေသမှ ဂျပန်နိုင်ငံမှာလည်း ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှု တွေ့ရှိလာရကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၂၁ ရက်ကြားမှာ ဗြိတိန်မှ ဂျပန်သို့ ရောက်ရှိလာသူ ငါးဦးထံမှာ ထိုဗိုင်းရပ်စ်သစ် ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိရတာ ဖြစ်ပါတယ်။

ဂျပန်မှာတွေ့ရတဲ့ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံသူတွေအနက် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး မောပန်းနွမ်းနယ်တဲ့ လက္ခဏာရှိခဲ့ပေမဲ့ အခြား ၄ ဦးကတော့ ရောဂါလက္ခဏာမပြကြဘူးလို့ ဆိုပါတယ်။ ယခုတွေ့ရှိရတဲ့ ကူးစက်ခံရသူ ငါးဦးကို ဂျပန်ကိုရောက်ရှိလာစဥ် လေဆိပ်ကနေ အသွားအလာကန့်သတ်ထားရှိတဲ့ နေရာသို့ တိုက်ရိုက်ပို့ဆောင်ထားခဲ့ခြင်း ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Norihisa Tamura က ပြောပါတယ်။

(Photo: Getty Images)

ဗြိတိန်မှာ တွေ့ရှိခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ဂျပန်နိုင်ငံ National Institute of Infectious Diseases က လေ့လာဆန်းစစ်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ကြောင်း သိရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ဥရောပမှ စပိန်နိုင်ငံမှာလည်း ဗြိတိန် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၄ ဦး တွေ့ရှိရကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ စပိန်မှာတွေ့ရတဲ့ ကူးစက်ခံရသူတွေဟာ လတ်တလောမှာ ဗြိတိန်သို့ ခရီးသွားခဲ့သူတွေလို့ ဆိုပါတယ်။

ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို ဗြိတိန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားတို့မှာ ပထမဆုံး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုအခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို ဩစတြေးလျ၊ ဒိန်းမတ်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ လက်ဘနွန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ ဗြိတိန်တို့မှာ တွေ့ရှိထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က