တရုတ်စီးပွားရေးက ယခင် ခန့်မှန်းထားမှုထက် ငါးနှစ်ပိုစောပြီး အမေရိကန်ကိုကျော်တက်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ယခင် ခန့်မှန်းထားမှုထက် ငါးနှစ်ပိုစောကာ လာမယ့် ၂၀၂၈ ခုနှစ်မှာ အမေရိကန်ကိုကျော်တက်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာမယ်လို့ ဆိုပါတယ်။

(Photo: AFP)

တရုတ်ရဲ့ COVID-19 ကပ်ရောဂါထိန်းချုပ်ရေး ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်နိုင်မှုက လာမယ့် နှစ်များအတွင်း အမေရိကန်နဲ့ ဥရောပတို့နဲ့ နှိုင်းယှဥ်ပါက ၎င်းရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်လိမ့်မယ်လို့ ဗြိတိန်အခြေစိုက် Centre for Economics and Business Research (CEBR) က ပြောပါတယ်။



ထိုအတောအတွင်း အိန္ဒိယနိုင်ငံက ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာမယ်လို့ CEBR က ဆိုပါတယ်။ အိန္ဒိယက ၂၀၂၇ ခုနှစ်မှာ ဂျာမနီနဲ့ ၂၀၃၀ ခုနှစ်မှာ ဂျပန်ကို ကျော်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ CEBR က စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများစာရင်းကို နှစ်စဥ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လေ့ရှိပါတယ်။

(Photo: Getty Images)

တရုတ်ဟာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြစ်ပေမဲ့ ကူးစက်ပျံ့နှံ့မှုကို အလျင်အမြန်နဲ့ အလွန်တင်းကျပ်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတို့ဖြင့် ထိန်းချုပ်ခဲ့ရာ စီးပွားရေးတုံ့ဆိုင်းသွားစေတဲ့ lockdown သတ်မှတ်ရမှုတွေကို ဥရောပနိုင်ငံတွေကဲ့သို့ တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ဆောင်ရန် မလိုအပ်ခဲ့ပါဘူး။

ထိုကြောင့်လည်း တရုတ်ဟာ အခြား စီးပွားရေးအင်အားကြီး နိုင်ငံတွေနဲ့မတူဘဲ ၂၀၂၀ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲခဲ့ပြီး စီးပွားရေးတိုးတက်မှု ၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တစ်ဝန်းမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကြုံရတဲ့ အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှုကတော့ ယခုနှစ်မှာ ကျုံ့သွားခဲ့ပါတယ်။

အမေရိကန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၉ သန်းကျော်နဲ့ သေဆုံးသူ ၃၃၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။ CEBR အစီရင်ခံစာအရ ကပ်ရောဂါအလွန် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးပြန်အားကောင်းလာပြီးနောက် အမေရိကန်ရဲ့ စီးပွားရေးဟာ ၂၀၂၂-၂၀၂၄ ခုနှစ်များအတွင်း ၁.၉ ရာခိုင်နှုန်းခန့် တိုးတက်လာမှာဖြစ်ကာ ထိုနှစ်များနောက်ပိုင်းမှာတော့ ၁.၆ ရာခိုင်နှုန်းအဖြစ် နှေးကွေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ စီးပွားရေးဟာ ၂၀၂၅ ခုနှစ်အထိ နှစ်စဥ် ၅.၇ ရာခိုင်နှုန်း တိုးတက်မှာဖြစ်ပြီး ၂၀၂၆-၂၀၃၀ ခုနှစ်များအတွင်းမှာတော့ နှစ်စဥ် ၄.၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ CEBR က ပြောထားပါတယ်။

Share

Loading Next Article...
က္က