သူမကို အငြင်းပွားဖွယ်ရာများ ဖန်တီးမှုနဲ့ ပြဿနာဖြစ်စေမှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

ဝူဟန်မြို့မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) စတင်ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်စပ်အကြောင်းအရာများကို သတင်းရေးသားခဲ့သူ တရုတ်အမျိုးသမီး စီတီဇင်ဂျာနယ်လစ်တစ်ဦး ထောင်ဒဏ်လေးနှစ် ချမှတ်ခံရကြောင်း သိရပါတယ်။

(Photo: Bangkok Post)

မေလကတည်းက ဖမ်းဆီးခံခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် Zhang Zhan ကို အငြင်းပွားဖွယ်ရာများ ဖန်တီးမှုနဲ့ ပြဿနာဖြစ်စေမှုဖြင့် စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာ တက်ကြွလှုပ်ရှားသူတွေကို မကြာခဏ ထိုစွဲချက်ဖြင့် တရားစွဲဆိုလေ့ရှိပါတယ်။ ရှေ့နေဟောင်းဖြစ်သူ Zhang Zhan ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် လနဲ့ချီပြီး အစာငတ်ခံဆန္ဒပြခဲ့ကြောင်းနဲ့ သူမဟာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်း သူမရဲ့ရှေ့နေက ပြောပါတယ်။



ရှန်ဟိုင်းမြို့ တရားရုံးတစ်ရုံးမှာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) အမိန့်ချမှတ်ခဲ့တဲ့ တရားခွင်ကို Zhang Zhan တက်‌ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Zhang Zhan ကို စွဲချက်တင်ထားတဲ့ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ရာမှာ သူမက ဖေဖေါ်ဝါရီလအတွင်း ဝူဟန်မြို့သို့ သွားရောက်ပြီး သတင်းအတော်များများ တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Allen J. Schaben/LA Times/Getty Images)

Zhang Zhan က အခြား လွတ်လပ်တဲ့ဂျာနယ်လစ်များ ထိန်းသိမ်းခံရမှုနဲ့ ရောဂါဖြစ်ပွားသူတွေရဲ့ မိသားစုတွေကို အနှောင့်အယှက်ပြုခံရကြောင်း သတင်းများ ရေးသားတင်ဆက်ခဲ့တယ်လို့ Chinese Human Rights Defenders (CHRD) က ဆိုပါတယ်။ Zhang Zhan ရဲ့ သတင်းရေးသားမှုတွေကို ဖေဖေါ်ဝါရီလအတွင်း ဆိုရှယ်မီဒီယာမှာ အများအပြား မျှဝေခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက သူမကို သတိပြုမိလာခဲ့ကြပါတယ်။

ထို့နောက် မေ ၁၄ ရက်နေ့မှာတော့ Zhang Zhan ဟာ ဝူဟန်မြို့ကနေ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်အကြာမှာ သူမကို ဝူဟန်နဲ့ မိုင် ၄၀၀ ကျော်ဝေးတဲ့ ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Zhang Zhan ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိတဲ့ ဝူဟန်အကြောင်းကို သတင်းရေးသားမှုကြောင့် ပြဿနာကြုံရတဲ့ ပထမဆုံး စီတီဇင်ဂျာနယ်လစ် (citizen journalist) မဟုတ်ဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

ထိုသို့ သတင်းရေးသားခဲ့တဲ့ စီတီဇင်ဂျာနယ်လစ် အနည်းဆုံးသုံးဦးဟာ ဖေဖေါ်ဝါရီလအတွင်း ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ ၎င်းတို့ထဲမှတစ်ဦးဟာ မည်သည့်နေရာမှာ ရောက်ရှိနေကြောင်း မသိရသေးပါဘူး။

ယခုဖြစ်ရပ်ဟာ စီတင်ဇင်ဂျာနယ်လစ် Zhang Zhan အတွက် အာဏာပိုင်တွေနဲ့ ပထမဆုံးအကြိမ် ပြဿနာဖြစ်ခဲ့တာ မဟုတ်ဘူးလို့ဆိုပါတယ်။

သူမဟာ ဟောင်ကောင်မှ တက်ကြွလှုပ်ရှားသူတွေကို အားပေးထောက်ခံကြောင်း ပြောခဲ့တာကြောင့်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဆင့်ခေါ်ခြင်းခံရပြီး အဖမ်းခံခဲ့ရကြောင်း CHRD က ပြောပါတယ်။ Zhang Zhan ဟာ ဖမ်းဆီးခံထားရစဥ် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိရာ ဝူဟန်အကြောင်း သတင်းရေးခဲ့တဲ့ စီတီဇင်ဂျာနယ်လစ် ထောင်ကျမယ့်အရေးကြုံ

Share

Loading Next Article...
က္က