Yoozoo ဂိမ်းကုမ္ပဏီ တည်ထောင်သူဟာ အဆိပ်ခတ်ခံခဲ့ရတယ်လို့ ရှန်ဟိုင်းရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
Ko John

တရုတ်နိုင်ငံမှ ဂိမ်းကုမ္ပဏီလုပ်ငန်းရှင် သူဌေးတစ်ဦးဟာ ခရစ်စမတ်နေ့မှာ အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရှန်ဟိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Getty Images)

အဆိပ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် Lin Qi ဟာ Game of Thrones: Winter is Coming ဂိမ်းဖြင့် နာမည်ကြီးတဲ့ Yoozoo ဂိမ်းကုမ္ပဏီရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ မိသားစုအမည် Xu လို့ ဖော်ပြထားတဲ့ Lin Qi ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အဓိက သံသယရှိသူအဖြစ် ရှန်ဟိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Lin Qi ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုဟာ တရုတ်ယွမ်ငွေ ၆.၈ ဘီလီယံဝန်းကျင် (ပေါင်စတာလင် ၉၆၀ သန်း) ရှိကြောင်း Hurun China RIch List က ဖော်ပြထားပါတယ်။ Lin Qi သေဆုံးခဲ့ပြီးနောက် ဝန်ထမ်းအများအပြားနဲ့ ဝန်ထမ်းဟောင်းတွေက Yoozoo ရုံးခန်းအပြင်ဘက်မှာ သောကြာနေ့ (ဒီဇင်ဘာ ၂၅ ရက်) မှာ လာရောက်စုရုံးခဲ့ကြပါတယ်။

(Yoozoo ကုမ္ပဏီတည်ထောင်သူ Lin Qi) (Photo: Getty Images)

စီးပွားရေးလုပ်ငန်းရှင် Lin Qi ဟာ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်များတဲ့ ဂိမ်းဈေးကွက်မှာ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး နယ်ပယ်မှာလည်း ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ Lin Qi ရဲ့ Yoozoo ဂိမ်းကုမ္ပဏီကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဂိမ်းလုပ်ငန်းဟာ မိုဘိုင်းဂိမ်းနယ်ပယ်သို့ ဦးတည်ပြောင်းလဲလာချိန်မှာ ကုမ္ပဏီကို အောင်မြင်စွာ ဦးဆောင်လာနိုင်ခဲ့ပါတယ်။ Lin Qi သေဆုံးကြောင်းကို ကုမ္ပဏီက Weibo အကောင့်မှာ ရေးသားထုတ်ပြန်ခဲ့ရာ ထောင်နဲ့ချီတဲ့ မှတ်ချက်ရေးသားမှုတွေရှိခဲ့ပြီး ထိုပို့စ်ကို ကြည့်ရှုသူပေါင်း သန်း ၂၉၀ ကျော်ရှိခဲ့ပါတယ်။

(Game of Thrones: Winter is Coming ဂိမ်းမြင်ကွင်းတစ်ခု)

အသေးစိတ်အချက်အလက်တွေ အနည်းအကျဥ်းသာရှိသေးပေမဲ့ Lin Qi ဟာ အဆိပ်ခတ်ခံရတယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ Lin Qi ဟာ နေမကောင်းဖြစ်ခဲ့ပြီးနောက် ဆေးရုံသို့ ကိုယ်တိုင်သွားခဲ့ကြောင်း၊ သို့သော် ၎င်းဟာ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိခဲ့ကြောင်း Yoozoo ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထို့နောက် ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ကုမ္ပဏီက တည်ထောင်သူ Lin Qi သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံမီဒီယာတွေက သတင်းဖော်ပြမှုတွေအရ Lin Qi အဆိပ်ခတ်ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ သံသယရှိသူဟာ Xu Yao ဖြစ်နိုင်ကြောင်းနဲ့ ၎င်းဟာ Yoozoo ကုမ္ပဏီရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ Lin Qi ဟာ pu'er tea ခေါ် တရုတ်လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခံခဲ့ရကြောင်း တရုတ်မီဒီယာတွေကြား ခန့်မှန်းမှုအချို့လည်း ရှိခဲ့ပါတယ်။

(Photo: BBC)

Game of Thrones ဂိမ်းအပြင် Yoozoo ကုမ္ပဏီဟာ Supercell မိုဘိုင်းဂိမ်းကုမ္ပဏီရဲ့ Brawl Stars ဂိမ်းကို Tencent Holdings နည်းပညာကုမ္ပဏီကြီးနဲ့အတူ ပူးတွဲထုတ်လုပ်ခဲ့ပါတယ်။ ထို့အတူ Yoozoo ဟာ တရုတ်သိပ္ပံစိတ်ကူးယဥ်ဝတ္ထုရှည် Three-Body Problem ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထုတ်လုပ်ရန်လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က