ဘန်ကောက်မြို့မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂,၆၀၀ ကျော် တွေ့ရှိထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တစ်စိတ်တစ်ပိုင်း lockdown သတ်မှတ်မှု ယနေ့ (ဇန်နဝါရီ ၂ ရက်) မှာ စတင်သက်ရောက်ခဲ့ပြီး ဘားဆိုင်များ၊ နိုက်ကလပ်များနဲ့ စားသောက်ဆိုင်တွေ အရက်ရောင်းချမှု ပိတ်ပင်ခြင်းတို့နဲ့အတူ ဘန်ကောက်ညဟာ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကနဦး COVID-19 ကူးစက်မှုလှိုင်းမှာ အဆိုးဆုံးအခြေအနေကို ရှောင်ရှားနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံက ယမန်နှစ် နိုဝင်ဘာလအထိ ကူးစက်ခံရသူ ၄,၀၀၀ အောက်ဖြင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိုင်းဟာ COVID-19 စတင်တွေ့ရှိရတဲ့ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံး ကူးစက်မှုတွေ့ရတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့ ထိန်းချုပ်ရေးကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။



သို့သော် ယမန်နှစ် ဒီဇင်ဘာလအတွင်းမှာတော့ ပင်လယ်စာဈေးတစ်ခုမှာ ကူးစက်မှုအစုအဝေး တွေ့ရှိလာရမှုနဲ့အတူ ယခုအခါ နိုင်ငံရဲ့ ခရိုင် ၇၇ ခုအနက် ၅၃ ခုမှာ ကူးစက်မှုတွေ တွေ့ရှိလာခဲ့ရပါတယ်။ ယနေ့ထုတ်ပြန်တဲ့ စာရင်းတွေအရ ထိုင်းမှာ COVID-19 ကူးစက်ခံရသူ ၇,၃၀၀ ကျော်နဲ့ သေဆုံးသူ ၆၄ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ထိုင်းတာဝန်ရှိသူတွေက ယနေထုတ်ပြန်မှုအရ ကူးစက်ခံရသူ ၂၁၆ ဦးနဲ့ သေဆုံးသူတစ်ဦး တိုးလာခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂,၆၀၀ ကျော် တွေ့ရှိထားခဲ့ပြီး မြို့အာဏာပိုင်တွေက ကူးစက်မှုထိန်းချုပ်ရေး အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ကာ တစ်စိတ်တစ်ပိုင်း lockdown အစီအစဥ် သတ်မှတ်ထုတ်ပြန်ခဲ့ရာ ယနေ့ စတင်သက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဘန်ကောက်မြို့ တစ်စိတ်တစ်ပိုင်း lockdown သတ်မှတ်ချက်ဟာ ဘားဆိုင်များ၊ နိုက်ကလပ်များ၊ လက်ဝှေ့ရုံများ၊ ကြက်တိုက်ကွင်းများ၊ အနှိပ်ခန်းများ၊ အလှပြင်ဆိုင်များ၊ ကိုယ်ကာယလေ့ကျင့်ခန်းမများနဲ့ စီးပွားရေးလုပ်ငန်း အများအပြား အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့မှာ စာသင်ကျောင်းတွေကိုလည်း သီတင်းနှစ်ပတ်ကြာ ပိတ်ထားမယ်လို့ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်) မှာ ကြေညာခဲ့ပါတယ်။

(Photo: Reuters)

ဘန်ကောက်မြို့တစ်ဝန်းမှာ ဗိုင်းရပ်စ်စစ်ဆေးရေးနေရာ တစ်ဒါဇင်ကျော်ကို ယနေ့ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ lockdown နဲ့ ညမထွက်ရအမိန့်လို ပြင်းထန်တဲ့ စီမံဆောင်ရွက်မှုတွေ မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ကူးစက်မှုအသစ်မြင့်တက်တာကို တားဆီးကာကွယ်ဖို့ ပိုမိုအားကောင်းတဲ့ ပြင်ဆင်မှုလိုပါတယ်" လို့ ထိုင်းနိုင်ငံ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ပြောပါတယ်။ ထိုင်းတစ်နိုင်ငံလုံး အကျုံးဝင်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဇန်နဝါရီ ၄ ရက်မှ ဖေဖေါ်ဝါရီ ၁ ရက်အထိ သတ်မှတ်ထုတ်ပြန်သွားမယ်လို့ ခန့်မှန်းထားကြောင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပြင်ဆင်ချိန် နှစ်ရက်ရရှိမယ်လို့လည်း ၎င်းကဆိုပါတယ်။ 



က္က