ပြည်တွင်းကုမ္ပဏီ Bharat Biotech ရဲ့ ကာကွယ်ဆေးနဲ့ ဗြိတိန်မှ ‌Oxford-AstraZeneca ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။

အိန္ဒိယ ဆေးဝါးကွပ်ကဲမှု အာဏာပိုင်အဖွဲ့အစည်းက နိုင်ငံမှာအသုံးပြုရန် COVID-19 ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်သုံးအဖြစ် တရားဝင် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၃ ရက်) ပြောပါတယ်။

(Photo: Reuters)

အိန္ဒိယက ခွင့်ပြုလိုက်တဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ ပြည်တွင်းကုမ္ပဏီ Bharat Biotech ရဲ့ ကာကွယ်ဆေးနဲ့ ဗြိတိန်မှ ‌Oxford-AstraZeneca ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးဟာ COVID-19 ကို ၇၀.၄၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech ရဲ့ COVAXIN ကလည်း ဘေးအန္တရာယ်ကင်းပြီး အားကောင်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို ဖြစ်စေကြောင်း အိန္ဒိယ ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အကြီးအကဲ VG Somani က ပြောပါတယ်။



ဗြိတိန်မှ Oxford-AstraZeneca ကာကွယ်ဆေးကို အိန္ဒိယအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute of India က ပြည်တွင်းမှာ ထုတ်လုပ်နေပါတယ်။ Bharat Biotech ကုမ္ပဏီကတော့ အစိုးရပိုင် Indian Council of Medical Research နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

(Photo: Reuters)

"Serum နဲ့ Bharat Biotech တို့ရဲ့ ကာကွယ်ဆေးတွေကို အရေးပေါ်အခြေအနေများမှာ ကန့်သတ်အသုံးပြုရန် ခွင့်ပြုချက်ပေးလိုက်ပါပြီ" လို့ Somani က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပါတယ်။ ယခု COVID-19 ကာကွယ်ဆေးနှစ်မျိုး ခွင့်ပြုချက်ပေးလိုက်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေကိုတော့ Somani က လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

လူဦးရေ ၁ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးအစီအစဥ်

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကာကွယ်ဆေးတွေ ခွင့်ပြုချက်ပေးလိုက်ခြင်းကို ကြိုဆိုခဲ့ပါတယ်။ "အိန္ဒိယမှာ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးလိုက်တာက အိန္ဒိယပြည်သူအားလုံးကို ဂုဏ်ယူစရာဖြစ်စေမှာပါ" လို့ မိုဒီက ၎င်းရဲ့ Twitter မှာ ရေးသားထားပါတယ်။

(Photo: AFP)

အိန္ဒိယမှာ ကာကွယ်ဆေးနှစ်မျိုးကို ခွင့်ပြုချက်ပေးလိုက်ပြီးနောက် လာမယ့် ရက်များအတွင်း လူဦးရေ ၁.၃ ဘီလီယံကို ကာကွယ်ဆေးထိုးနှံပေးမယ့် ကမ္ဘာ့အကြီးဆုံး COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်တော့မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း အမေရိကန်ပြီးလျှင် COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၀.၃ သန်းကျော် တွေ့ရှိထားပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ COVID-19 ကြောင့် သေဆုံးမှုမှာလည်း အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် တတိယအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ လူ ၁၅၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းပ်စ်အသစ် ကူးစက်မှုတွေ့ရတဲ့နိုင်ငံ ၃၄ နိုင်ငံရှိလာ



က္က