ပုဂ္ဂလိကကျောင်းတွေကို ယခုသီတင်းပတ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အစိုးရကျောင်းတွေကိုလည်း လာမယ့် သီတင်းပတ်အတွင်း ပြန်ဖွင့်သွားမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသမှာ ကမ္ဘောဒီးယားနိုင်ငံက သီတင်းခြောက်ပတ်ကြာ lockdown သတ်မှတ်ချက်များကို ဖြေလျှော့မှုနဲ့အတူ စာသင်ကျောင်းများနဲ့ ပြတိုက်များ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

(Photo: Cindy Liu/Reuters)

ဒေသတွင်း အိမ်နီးချင်းနိုင်ငံအချို့မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ပိတ်ပင်ကန့်သတ်ချက်အသစ်များ သတ်မှတ်ဆောင်ရွက်နေရစဥ် ကမ္ဘောဒီးယားက lockdown ဖြေလျှော့မှု စတင်ခဲ့တာဖြစ်ပါတယ်။ လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ကမ္ဘောဒီယားဟာ အရှေ့တောင်အာရှနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၈၂ ဦးမျှသာ တွေ့ရှိခဲ့ရပြီး သေဆုံးသူမရှိခဲ့ပါဘူး။



ကမ္ဘောဒီယားမှာ ရှားရှားပါးပါး ကူးစက်မှုအစုအဝေးတစ်ခုကို ယမန်နှစ် နိုဝင်ဘာလအတွင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား စာသင်ကျောင်းတွေကို ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) က ပြန်ဖွင့်ခဲ့ရာ ဖနွမ်းပင်မြို့ရှိ Sovannaphumi မူလတန်းကျောင်းမှာ mask တပ်ထားတဲ့ ကျောင်းသူ/သားများ ကိုယ်အပူချိန်တိုင်းရန် တန်းစီစောင့်ဆိုင်းနေခဲ့ကြပြီး ကျောင်းခန်းအတွင်းသို့ မဝင်ရောက်မီ လက်ဆေးကြရပါတယ်။

(Photo: Cindy Liu/Reuters)

ကမ္ဘောဒီးယားမှာ ပုဂ္ဂလိကကျောင်းတွေကို ယခုသီတင်းပတ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အစိုးရကျောင်းတွေကိုတော့ လာမယ့် သီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ထို့အတူ ခမာအကျဥ်းထောင်ဟောင်းနဲ့ ညှဥ်ပန်းနှိပ်စက် နေရာတစ်ခုဖြစ်ခဲ့တဲ့ Tuol Sleng Genocide ပြတိုက်ကိုလည်း ပြန်ဖွင့်ထားပြီဖြစ်ရာ ဝန်ထမ်းတွေနဲ့ သုံးဘီးဆိုင်ကယ်တက္ကစီတွေက လာရောက်လည်ပတ်သူတွေကို အသင့်စောင့်ဆိုင်းနေခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

"ကျွန်တော်တို့ ကူးစက်ခံရနိုင်တာကို စိုးရိမ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘောဒီးယားတွေက အစိုးရက သတ်မှတ်ထားတဲ့ mask တပ်ရမယ်၊ လက်ကို အယ်လ်ကိုဟောပါတဲ့ လက်သန့်စင်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့ ဆေးရမယ်၊ ခပ်ခွာခွာနေရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြတာ တွေ့ရပါတယ်" လို့ အသက် ၄၃ နှစ်အရွယ် သုံးဘီးဆိုင်ကယ်တက္ကစီမောင်းသူ Theun Ngor က ပြောပါတယ်။

(Photo: Cindy Liu/Reuters)

ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နိုင်ငံရဲ့ အကြီးဆုံးမြို့နှစ်မြို့သို့ ခရီးသွားခဲ့သူ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးထံမှာ COVID-19 ကူးစက်မှုတွေ့ရပြီးနောက် ပိတ်ပင်ကန့်သတ်ချက်များ သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်စဥ် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကူးစက်မှုတွေ မြင့်တက်နေပြီး ခရိုင် ၂၈ ခုကို ကူးစက်မှုအန္တရာယ်ရှိဇုန်အဖြစ် ကြေညာရမယ့်အခြေအနေနဲ့အတူ တင်းကျပ်တဲ့ lockdown သတ်မှတ်ရနိုင်ကြောင်း အာဏာပိုင်တွေက ယမန်နေ့မှာ သတိပေးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က