သမ္မတဒူတာတေးက ကိုယ်ရံတော်အဖွဲ့ကို သစ္စာရှိမှုနဲ့ သတ္တိရှိမှုအတွက် ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်မှာ တရားဝင်ခွင့်ပြုချက်မရသေးတဲ့ COVID-19 ကာကွယ်ဆေးထိုးခဲ့ကြတဲ့ ၎င်းရဲ့ကိုယ်ရံတော်အဖွဲ့ကို သမ္မတဒူတာတေးက သစ္စာရှိမှုနဲ့ သတ္တိရှိမှုအတွက် ချီးကျူးလိုက်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။

(Photo: unsplash)

လွှတ်တော်အမတ်အချို့ကတော့ သမ္မတကိုယ်ရံတော်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်ပြီး တရားမဝင်ကြောင်း ‌ဝေဖန်ခဲ့ကြပါတယ်။ စစ်တပ်ကိုယ်ရံတော်အဖွဲ့က COVID-19 ကာကွယ်ဆေးထိုးခဲ့ကြခြင်းဟာ ဥပဒေချိုးဖောက်ခြင်းမဟုတ်ကြောင်း သမ္မတဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Harry Roque က တုံ့ပြန်ခဲ့ပါတယ်။



ဖိလစ်ပိုင်မှာ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (Food and Drug Administration - FDA) က တရားဝင်ခွင့်ပြုချက်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးမရှိသေးပေမဲ့ သမ္မတရဲ့ ကိုယ်ရံတော်အဖွဲ့မှ စစ်သားတွေက ကာကွယ်ဆေးထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Office of Civil Defense)

"သမ္မတက PSG အဖွဲ့ (Presidential Security Group) ကို သူတို့ လုပ်ခဲ့တာအတွက် ချီးကျူးနေပါတယ်၊ သူတို့က ကျွန်တော်တို့ရဲ့သမ္မတကို ကာကွယ်ဖို့ သူတို့ရဲ့အသက်ကို စွန့်ခဲ့ကြတာပါ" လို့ Harry Roque က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ "ခင်ဗျားတို့ရဲ့ သစ္စာရှိမှုနဲ့ သတ္တိရှိမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်" လို့လည်း သမ္မတဒူတာတေးရဲ့ မှတ်ချက်စကားကို ကိုးကားပြီး Harry Roque က ဆိုပါတယ်။

PSG အဖွဲ့ဟာ ယမန်နှစ် စက်တင်ဘာလကတည်းက ၎င်းမသိခဲ့ရဘဲ ဖိလစ်ပိုင်သို့ ကာကွယ်ဆေးများတင်သွင်းပြီး ထိုးနှံခဲ့ကြတာဖြစ်ပေမဲ့ ထိုလုပ်ရပ်ဟာ အကျိုးအကြောင်းသင့် မှန်ကန်တယ်လို့ ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။

(Photo: ABS-CBN)

ဖိလစ်ပိုင် FDA အကြီးအကဲ Rolando Enrique Domingo ကတော့ လက်ရှိအချိန်အထိ မည်သည့် COVID-19 ကာကွယ်ဆေးကိုမျှ ခွင့်ပြုချက်မပေးထားသေးကြောင်းနဲ့ ကာကွယ်ဆေးတစ်မျိုး နိုင်ငံအတွင်းသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနဲ့ ရောင်းချခြင်းဟာ တရားမဝင်ကြောင်း ဒီဇင်ဘာလအတွင်း ပြောထားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ FDA ရဲ့ တရားဝင်ခွင့်ပြုချက်မရသေးပေမဲ့ စစ်သားနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိရန် Pzizer-BioNTech က တင်ပြလျှောက်ထားခဲ့ပါတယ်။

(Photo: Ben Nabong/Rappler)

တရုတ်နိုင်ငံမှ Sinovac ၊ ရုရှားမှ Gamaleya (Sputnik V)၊ အမေရိကန်အခြေစိုက် Johnson & Johnson (J&J) ရဲ့ Janssen နဲ့ တရုတ်မှ Clover ကာကွယ်ဆေးတို့ကလည်း ဖိလစ်ပိုင်မှာ အသုံးပြုခွင့်လျှောက်ထားပြီး လက်ရှိမှာ ခွင့်ပြုချက်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၇၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉,၂၆၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။



က္က