စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေစဥ် ညမထွက်ရအမိန့် အပါအဝင် lockdown သတ်မှတ်ခဲ့ရတာ ဖြစ်ပါတယ်။
Ko John

စီးပွားရေးကျဆင်းမှု ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံမှာ ဆေးရုံတွေ မနိုင်မနင်းဖြစ်လာနိုင်တဲ့ COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ညမထွက်ရအမိန့် အပါအဝင် တစ်နိုင်ငံလုံးကို သီတင်းသုံးပတ်ကြာ lockdown လုပ်ထားမယ်လို့ သိရပါတယ်။

(Photo: Reuters)

လက်ဘနွန်တစ်နိုင်ငံလုံးကို lockdown သတ်မှတ်မှုဟာ ကြာသပတေးနေ့ (ဇန်နဝါရီ ၇ ရက်) မှာ စတင်သက်ရောက်ပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိဖြစ်ကြောင်း ယာယီ ကျန်းမာရေးဝန်ကြီး Hamad Hasan က ပြောပါတယ်။ Lockdown သတ်မှတ်မှု ကင်းလွတ်ခွင့်ရ လုပ်ငန်းနယ်ပယ်များ အပါအဝင် အသေးစိတ်တွေကို ယနေ့ (ဇန်နဝါရီ ၅ ရက်) ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ဘနွန်မှာ ညနေ ၆ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားမှာဖြစ်ပါတယ်။ "ကပ်ရောဂါစိန်ခေါ်မှုက လက်ဘနွန်ပြည်သူတွေရဲ့အသက်ကို အပြင်းအထန် ခြိမ်းခြောက်တဲ့အဆင့် ရောက်နေပြီဆိုတာ သေချာပါတယ်၊ ဆေးရုံတွေမှာ ကုတင်မလောက်တော့ပါဘူး" လို့ Hamad Hasan က COVID-19 ဝန်ကြီးအဆင့် အစည်းအ‌ဝေးမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ဇန်နဝါရီ ၃ ရက် ထုတ်ပြန်မှုအရ လက်ဘနွန်မှာ ကူးစက်ခံရသူ ၂,၈၇၀ တိုးလာခဲ့ရာ ယမန်နှစ် ဖေဖေါ်ဝါရီ ၂၁ ရက်မှစပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၈၉,၂၇၈ ဦးနဲ့ သေဆုံးသူ ၁,၄၈၆ ဦးရှိခဲ့ပါတယ်။ လက်ဘနွန်မှာ အလုပ်လက်မဲ့နှုန်း၊ ငွေကြေဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုတို့ မြင့်တက်နေစဥ် lockdown အသစ် သတ်မှတ်ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ လက်ဘနွန်မှာ စီးပွားရေးအကျပ်အတည်းများကြောင့် ငွေတန်ဖိုးကျဆင်းမှု၊ ဘဏ်များ လုပ်ငန်းလည်ပတ်မှု တုံ့ဆိုင်းခြင်းနဲ့ ငွေစုဆောင်းသူတွေက ၎င်းတို့ရဲ့ အပ်နှံငွေများ ပြန်ထုတ်ခြင်းတို့ ဖြစ်ပေါ်နေခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က