ကိုဗစ်ကူးစက်ခံရတဲ့ သားအမိဟာ ဆေးရုံတစ်ရုံတည်းမှာပင် တက်ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။
Ko John

အင်္ဂလန်နိုင်ငံမှာ COVID-19 ကူးစက်ခံရပြီး ဆေးရုံတစ်ရုံတည်းတက်ခဲ့ရတဲ့ သားအမိနှစ်ဦးရဲ့အဖြစ်က ကြားသိရသူတွေအတွက် ကြေကွဲစရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

(ရှာမာနဲ့ မိခင်ဖြစ်သူ မာရီယာ) (Photo: Anabel Sharma)

လက်စတာရှိုင်းယားမှ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့မိခင်တို့ဟာ နှစ်ဦးလုံးဟာ COVID-19 ကူးစက်ခံရတာကြောင့် ဆေးရုံတက်ခဲ့ကြရပြီးနောက် ဘေးချင်းကပ်လျက် ကုတင်ပေါ်မှာ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကို ထိုအမျိုးသမီးခမျာ ဝမ်းနည်းကြေကွဲစွာဖြင့် ကြည့်နေခဲ့ရပါတယ်။ အသက် ၇၆ နှစ်အရွယ် မာရီယာရီကိုဟာ ဆေးရုံကုတင်ပေါ်မှာ အောက်စီဂျင်မျက်နှာဖုံး ချွတ်လို့မရတဲ့ အခြေအနေဖြင့် ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးအချိန်တစ်ချိန်မှာတော့ မာရီယာက သူမ သေဆုံးသွားမယ်ဆိုတာ သိနေပေမဲ့လည်း အောက်စီဂျင်မျက်နှာဖုံးကို ဖယ်ရှားခဲ့ပြီး သမီးနှစ်ဦးနဲ့ စကားပြောသွားခဲ့ရှာပါတယ်။ မာရီယာရဲ့ သမီးတစ်ဦးဖြစ်တဲ့ အန်နာဘယ်လ်ရှာမာကလည်း COVID-19 ကြောင့် မိခင်နဲ့အတူ ဆေးရုံတစ်ရုံတည်းမှာပင် ကုသမှုခံယူနေခဲ့ရသူ ဖြစ်ပါတယ်။

(ကုတင်ချင်းကပ်လျက် တွေ့ရသည့် ရှာမာနဲ့ မိခင်ဖြစ်သူ မာရီယာ) (Photo: Anabel Sharma)

ကွယ်လွန်ခါနီး မိခင်နဲ့ နောက်ဆုံးအကြိမ် စကားပြောခွင့်ရတဲ့ အခိုက်အတန့်ဟာ ကြေကွဲစရာဖြစ်ပေမဲ့ မိခင်ဖြစ်သူဟာ တစ်ဦးတည်းရှိနေစဥ် ကွယ်လွန်သွားခဲ့ခြင်း မဟုတ်ဘဲ ဘေးနားမှာ သူမတို့ညီအစ်မ ရှိနေနိုင်ခဲ့တာကြောင့် စိတ်သက်သာရာရခဲ့တယ်လို့ ရှာမာက ဖွင့်ဟခဲ့ပါတယ်။

လက်စတာရှိုင်းယားဒေသ ဝှစ်ဝစ်ခ် (Whitwick) ကျေးရွာမှာ နေထိုင်တဲ့ ရှာမာက COVID-19 အခြေအနေကို သိရှိနားလည်ကြစေရန် မိခင်ဖြစ်သူနဲ့ သူမတို့ ဆေးရုံပေါ်မှာ ကုတင်ဘေးချင်းကပ်ရှိနေခဲ့တဲ့ နောက်ဆုံးအချိန် ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့မိခင်ဟာ အောက်စီဂျင်မျက်နှာဖုံး ဖယ်ရှားလိုက်ပြီးနောက် နာရီဝက်ခန့်အကြာမှာပင် ကွယ်လွန်သွားခဲ့ကြောင်း အသက် ၄၉ နှစ်အရွယ် ရှာမာက ပြောပါတယ်။

(COVID-19 ကြောင့် ကွယ်လွန်သွားသည့် မာရီယာရီကို) (Photo: Anabel Sharma)

"အမေက သူတို့ကို အောက်စီဂျင်မျက်နှာဖုံး ချွတ်လိုက်ဖို့ပြောခဲ့ပါတယ်၊ ဒီလိုချွတ်လိုက်ရင် အမေ အကြာကြီး မနေရတော့ဘူးလို့ သူတို့က ရှင်းပြခဲ့ပါတယ်၊ အမေက ဒါကို သူသိတယ် ဒါပေမဲ့ လုံလောက်တဲ့ သက်တမ်းတစ်ခု နေခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်" လို့ ရှာမာက ပြန်ပြောပြခဲ့ပါတယ်။

"ကျွန်မတို့တွေ သူမ စကားပြောနိုင်သေးတဲ့ အချိန်ငါးမိနစ်လောက် အမေနဲ့ စကားပြောခွင့်ရခဲ့ကြပါတယ်၊ နောက်တော့ အမေက သတိမေ့သွားခဲ့တယ်၊ အမေက သူမ သေရမှာမကြောက်ဘဲ အဆင့်သင့်ပါပဲလို့ ပြောခဲ့တယ်၊ ကျွန်မကိုတော့ အိမ်မှာ ကလေးတွေရှိတာကြောင့် နေကောင်းအောင်လုပ်ရမယ်လို့ အမေက မှာသွားခဲ့တယ်လေ" လို့ ရှာမာက ဖွင့်ဟခဲ့ပါတယ်။

(ရှာမာတို့သားအမိနဲ့အတူတွေ့ရသည့် မာရီယာ) (Photo: Anabel Sharma)

ဆေးရုံက ရှာမာရဲ့ ညီမဖြစ်သူ ဆူဆန်နာကလည်း PPE (personal protective equipment) ဝတ်စုံဝတ်ပြီး မိခင်ရဲ့ နောက်ဆုံးအချိန်မှာ အတူရှိနေခွင့်ပေးခဲ့ပါတယ်။ "ကျွန်မတို့ အမေ့ရဲ့ နောက်ဆုံးထွက်သက်အထိ အမေ့လက်ကို ဆုပ်ကိုင်ထားခဲ့ကြတယ်၊ အမေ့ရဲ့နောက်ဆုံးအချိန်မှာ အတူရှိနေနိုင်တာနဲ့ အမေက ညင်ညင်သာသာ ကွယ်လွန်သွားခဲ့တာကို သိရတာ ကျွန်မအတွက် စိတ်သက်သာရာရခဲ့ပါတယ်" လို့ သူမက ပြောပါတယ်။

မာရီယာဟာ COVID-19 ကြောင့် မကွယ်လွန်မီ သမီးရှာမာနဲ့ သူမရဲ့ခင်ပွန်း၊ ၎င်းတို့ရဲ့ သားသုံးဦးဖြစ်တဲ့ နိုအာ (အသက် ၁၀ နှစ်)၊ အိုင်းဆက် (အသက် ၁၂ နှစ်) နဲ့ ဂျက်ကော့ဘ် (အသက် ၂၂ နှစ်) တို့နဲ့အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ သားသုံးဦးအနက် တစ်ဦးဟာ ကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး မိသားစုထဲမှာ ထပ်ဆင့် ကူးစက်ပျံ့နှံ့သွားခဲ့တယ်လို့ ယုံကြည်ကြောင်း ရှာမက ပြောခဲ့ပါတယ်။

(ရှာမာမိသားစု ဓာတ်ပုံဟောင်းတစ်ပုံ) (Photo: Anabel Sharma)

"ကြိုတင်ကာကွယ်မှုအားလုံးကို လိုက်နာကြဖို့နဲ့ အခြားလူတွေအတွက် စဥ်းစားကြဖို့ ကျွန်မ တိုက်တွန်းပါတယ်" လို့ ရှာမက ဆိုပါတယ်။ ရှာမာနဲ့ သူမရဲ့ မိခင်တို့ဟာ COVID-19 ကူးစက်ခံရပြီးနောက် Leicester Royal Infirmary ဆေးရုံသို့ အောက်တိုဘာလအတွင်း တစ်ရက်တည်းမှာပင် တက်ရောက်ခဲ့ကြရပြီး မိခင်ဖြစ်သူ မာရီယာက နိုဝင်ဘာ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုစဥ်က မာရီယာရဲ့ ဈာပနအခမ်းအနားကို ဆေးရုံတက်နေရဆဲဖြစ်တဲ့ ရှာမာ မြင်တွေ့ကြည့်ရှုနိုင်ရန် live လွှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရှာမာဟာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ပေမဲ့ ဗိုင်းရပ်စ်ကြောင့် သူမရဲ့အဆုတ် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ နေအိမ်မှာပင် အောက်စီဂျင်ပေးနေရသေးကြောင်း သိရပါတယ်။


Author


က္က