ပင်လယ်ကွေ့ရေပြင်အတွင်း အိုမန်နိုင်ငံ ကမ်းလွန်မှာ အီရန်က ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ရေနံတင်သင်္ဘော ပြန်လွှတ်ပေးရေး ဆွေးနွေးညှိနှိုင်းရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အီရန်သို့ တတ်နိုင်သမျှ အစောဆုံးရက်မှာ စေလွှတ်သွားမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

တနင်္လာနေ့ (ဇန်ဝါရီ ၄ ရက်) က ပင်လယ်ကွေ့ရေပြင်အတွင်း အိုမန်နိုင်ငံ ကမ်းလွန်မှာ အီရန်က ကြားဖြတ်ဖမ်းဆီးခဲ့တဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောပေါ်မှာ အင်ဒိုနီးရှား၊ မြန်မာ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့မှ သင်္ဘောသား ၂၀ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။



အဆိုပါ ရေနံတင်သင်္ဘောက ပင်လယ်ကွေ့မှာ ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းမှုဖြစ်စေခြင်းကြောင့် ဖမ်းဆီးခဲ့တယ်လို့ အီရန်က ပြောထားပြီး သင်္ဘောလိုင်းကုမ္ပဏီကတော့ ငြင်းဆိုခဲ့ပါတယ်။ ထိုအတောအတွင်း တောင်ကိုရီးယားစစ်သင်္ဘောတစ်စီးက ဟောမုဇ်ရေလက်ကြားအနီးသို့ ရွှေ့ပြောင်းနေရာယူထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အမေရိကန်က အရေးယူပိတ်ဆို့မှုများကြောင့် တောင်ကိုရီးယားရှိ အီရန်ပိုင်ငွေများ လွှဲပြောင်းထုတ်ယူခြင်းမပြုနိုင်ရန် ထိန်းချုပ်ထားမှုနဲ့ ပတ်သက်ပြီး တင်းမာမှုများရှိနေစဥ်အတွင်း ရေနံတင်သင်္ဘော ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ "နှစ်ဖက် ဆွေနွေးညှိနှိုင်းမှုများနဲ့ အခုကိစ္စကို ဖြေရှင်းရန်ကြိုးစားဖို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အီရန်ကို တတ်နိုင်သမျှ အစောဆုံးရက်မှာ စေလွှတ်သွားမှာပါ" လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Choi Young-sam က သတင်းထောက်တွေကို ပြောပါတယ်။

ယခင်ကတည်းက စီစဥ်ထားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Choi Jong-kun ရဲ့ လာမယ့် သီတင်းပတ်အစောပိုင်း အီရန်ခရီးစဥ်ကိုလည်း စီစဥ်ထားတဲ့အတိုင်း သွားရောက်မယ်လို့ ၎င်းကဆိုပါတယ်။ အီရန်က ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ခြင်းဟာ အီရန်ပိုင်ငွေများ ထိန်းချုပ်ထားမှုကို ပယ်ဖျက်ပေးရန် ဖိအားပေးရန် ကြိုးစားခြင်းဖြစ်ကြောင်း သတင်းတွေအပေါ် မှတ်ချက်ပေးရန် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha က ငြင်းဆန်ခဲ့ပါတယ်။

(တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha) (Photo: CNA)

"ကျွန်မတို့ အချက်အလက်တွေကို အတည်ပြုဖို့နဲ့ ကျွန်မတို့ရဲ့ သင်္ဘောသားတွေ ဘေးကင်းလုံခြုံတာ သေချာဖို့ လိုပါတယ်၊ ရေနံတင်သင်္ဘော စောလျင်စွာ ပြန်လွတ်ဖို့အတွက် သံတမန်ရေးအရ ကျွန်မတို့ လုပ်ဆောင်နေပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ရေနံတင်သင်္ဘော ဖမ်းဆီးခံရပြီးနောက် အင်္ဂနေ့ (ဇန်နဝါရီ ၅ ရက်) မှာ ရေတပ်မှဖျက်သင်္ဘောတစ်စီးက ပင်လယ်ဓားပြ တန်ပြန်တိုက်ဖျက်ရေးတပ်စုနဲ့အတူ ဟော်မုဇ်ရေလက်ကြားအနီး ရေပြင်မှာ ရွှေ့ပြောင်းနေရာယူထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စစ်သင်္ဘောဟာ အေဒင်ပင်လယ်ကွေ့ Gulf of Aden) အတွင်း ပင်လယ်ဓားပြ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ဖျက်ရန် ယမန်နှစ် နှောင်းပိုင်းကတည်းက ဆိုမာလီယာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ နေရာယူထားခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။

ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ခြင်းဟာ လုပ်ထုံးလုပ်နည်းကိစ္စသက်သက်ဖြစ်ပြီး ပင်လယ်ပြင်ကို ညစ်ညမ်းစေမှုကြောင့်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။ သင်္ဘောလိုင်းကုမ္ပဏီကတော့ ၎င်းရဲ့ရေနံတင်သင်္ဘောဟာ ပင်လယ်ရေပြင်ကို ညစ်ညမ်းစေခြင်းမရှိခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ယခုဖြစ်ရပ်ဟာ အီရန်က တစ်နှစ်ကျော်အတွင်း အဓိက ရေနံတင်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က