အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် H5N8 စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
Ko John

အိန္ဒိယနိုင်ငံတစ်ဝန်း ငန်းရိုင်းများ၊ ကျီးကန်းများနဲ့ ဘဲများမှာ ကြက်ငှက်တုပ်ကွေး (avian flu) ကူးစက်မှုတွေ့ရပြီးနောက် ဥစား၊ အသားစားအတွက် မွေးမြူတဲ့ ကြက်၊ ဘဲအကောင်ရေ သောင်းနဲ့ချီ သုတ်သင်မှုများ စတင်နေပြီလို့ ဆိုပါတယ်။

(Photo: ANI)

အိန္ဒိယပြည်နယ်တွေမှာ ငှက်အုပ်စုများ သေဆုံးနေခဲ့ပြီးနောက် တာဝန်ရှိသူတွေက ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် H5N8 ကို ပြီးခဲ့တဲ့ သီတင်းတစ်ပတ်အတွင်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ပြည်ထောင်စုအစိုးရက ကြက်ငှက်တုပ်ကွေး သတိပေးချက် တိုးမြှင့်ထုတ်ပြန်ခဲ့ပြီး ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး အရေးတကြီး စီမံဆောင်ရွက်ကြရန် ပြည်နယ်တွေကို ပြောကြားခဲ့ပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲအများစုဟာ လူတွေထံ ကူးစက်မှုအန္တရာယ်နည်းပါးပေမဲ့ သေဆုံးနေတဲ့ သို့မဟုတ် ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ငှက်တွေကို ကိုင်တွယ်ထိတွေ့ခြင်းမလုပ်ကြရန် အကြံပြုထားပါတယ်။ အိန္ဒိယဟာ COVID-19 ကပ်ရောဂါထိန်းချုပ်ရေး ရုန်းကန်နေစဥ် ကြက်ငှက်တုပ်ကွေး သတိပေးမှုရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ နေ့စဥ် ကူးစက်မှုများ အကျဘက်သို့ ဦးတည်နေပေမဲ့ ကူးစက်မှုအသစ် သောင်းဂဏန်းအရေအတွက် ပုံမှန်တိုးနေဆဲလို့ ဆိုပါတယ်။

(Photo: Getty Images)

အိန္ဒိယလူဦးရေ သန်းပေါင်းများစွာကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် လာမယ့် လအနည်းငယ်အတွင်း စတင်နိုင်ရန် အစိုးရက ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ထိုအခြေအနေအရ ပြည်နယ်များအနေနဲ့ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့ကြပြီး သုတ်သင်ပစ်မှုနဲ့ အခြား အစီအမံများ လုပ်ဆောင်နေခဲ့ပါတယ်။ အိန္ဒိယ နေရာဒေသအချို့မှာ ကြက်၊ ဘဲအရောင်းဆိုင်တွေ ပိတ်ထားပြီး ကြက်ဥ၊ ဘဲဥရောင်းချမှုတွေ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

ဆိုက်ဘေးရီးယားနဲ့ မွန်ဂိုလီးယားမှ အမျာစုအပါအဝင် ရွှေ့ပြောင်းကျက်စားလာတဲ့ ငှက်အကောင်အရေ ၂,၄၀၀ ခန့်ကို အိန္ဒိယမြောက်ပိုင်း ဟီမာချယ်လ်ပရာဒက်ရှ် (Himachal Pradesh) ပြည်နယ်အတွင်းရှိ Pong Dam ရေလှောင်ဆည်ကြီးတစ်ဝိုက် သေဆုံးနေတာ တွေ့ခဲ့ရကြောင်း တိရိစ္ဆာန်ရောဂါဗေပညာရှင် Vikram Singh က BBC Hindi သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Hindustan Times)

"အဲဒီ ရေလှောင်ဆည်ကြီးရဲ့ ခြောက်မိုင်ပတ်လည်မှာ သတိပေးချက်ထုတ်ထားပါတယ်၊ လက်ရှိအချိန်ထိတော့ ဒီဧရိယာထဲက ကြက်၊ ဘဲ မွေးမြူရေးတွေမှာ ကြက်ငှက်တုပ်ကွေးလက္ခဏာ မတွေ့ရသေးပါဘူး" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ အိန္ဒိယတောင်ပိုင်း ကီရာလာ (Kerala) ပြည်နယ်မှာတော့ ဘဲအကောင်ရေ ၁၂,၀၀၀ သေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေက ပြောကြားပြီး ကြက်၊ ဘဲ အကောင်ရေ ၃၆,၀၀၀ ကို ပြည်နယ်ညွှန်ကြားချက်အရ သုတ်သင်သွားရန် စီစဥ်ထားကြောင်း ကြေညာခဲ့ပါတယ်။

အိန္ဒိယအလယ်ပိုင်း မက်ဒ်ယာပရာဒက်ရှ် (Madhya Pradesh) ပြည်နယ်မှာလည်း လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကျီးကန်းအကောင်ရေ ရာနဲ့ချီ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ လတ်တလောမှာ ငဟစ်ငှက်နဲ့ ခိုများလည်း သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အိန္ဒိယအနောက်အလယ်ပိုင်းရှိ Indore မြို့မှာလည်း ကျီးကန်းအကောင်ရေ ၅၀ သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။

(Photo: India Today)

အိန္ဒိယမြောက်ပိုင်း ဟာယာနာ (Haryana) ပြည်နယ်မှာတော့ ရာနဲ့ချီတဲ့ မွေးမြူးရေ ကြက်၊ ဘဲများ သေဆုံးခဲ့ပြီး ကြက်ငှက်တုပ်ကွေးကြောင့်ဟုတ် မဟုတ် အတိအကျ မသိရသေးပါဘူး။ ဒါ့အပြင် အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ် (Gujarat) ပြည်နယ်နဲ့ မြောက်ပိုင်းရှိ ရာဂျက်စတန် (Rajasthan) ပြည်နယ်တွေမှာလည်း သေဆုံးနေတဲ့ ကျီးကန်းနဲ့ အခြား ငှက်ရိုင်းတွေမှာ ကြက်ငှက်တုပ်ကွေးတွေ့ခဲ့ရပြီးနောက် သတိပေးချက် တိုးမြှင့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က