အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုဟာ ဇန်နဝါရီ ၈ ရက်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေမြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ဝန်ကြီးချုပ်ယိုရှိဟီဒါဆူဂါက တိုကျိုနဲ့ ကပ်လျက်စီရင်စုသုံးခုမှာ အရေးပေါ်အခြေအနေ ယနေ့ (ဇန်နဝါရီ ၇ ရက်) ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

တိုကျိုဧရိယာကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုဟာ သောကြာနေ့ (ဇန်နဝါရီ ၈ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဖေဖေါ်ဝါရီ ၇ ရက်အထိ သတ်မှတ်ထားကြောင်း ဝန်ကြီးချုပ်ဆူဂါက COVID-19 တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာရန် ယနေ့ မနက်ပိုင်းအစည်းအဝေးမှာ သဘောတူခဲ့ကြကြောင်း စီးပွားရေးဝန်ကြီး ယာဆူတိုရှီနီရှီမူရာက ဆိုပါတယ်။



တိုကျိုဧရိယာမှာ အရေးပေါ်အခြေအ‌နေ ထုတ်ပြန်ကြေညာမှုရဲ့ ကန့်သတ်ချက်တွေဟာ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ရန် အဓိကထားပါတယ်။ ဂျပန်အစိုးရက ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေ တည်ရှိရာနေရာတွေဟာ ကူးစက်မှုအန္တရာယ်ရှိတဲ့ အဓိက နေရာတွေဖြစ်ကြောင်း ရည်ညွှန်းထားပါတယ်။

(Photo: Reuters)

ဂျပန်ဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက COVID-19 ကပ်ရောဂါ ဆိုးဆိုးရွားရွား ကူးစက်ဖြစ်ပွားမှု နည်းပါးနေသေးပေမဲ့ ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) မှာတော့ ကူးစက်မှုအသစ် ၆,၀၀၀ ကျော် ပထမဆုံးအကြိမ် တွေ့ရှိလာခဲ့ရပါတယ်။ တိုကျိုမြို့တော်မှာ ယနေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ ၂,၄၄၇ ဦး စံချိန်တင် တိုးလာခဲ့ပြီး ယခင်ရက်မှာ ၁,၅၉၁ ဦးဖြင့် စံချိန်တင်ထားမှုထက် ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုထိန်းချုပ်ရေး အရေးပေါ်အခြေအနေကို တိုကျိုနဲ့ အနီးအနားရှိ Saitama ၊ Kanagawa နဲ့ Chiba စီရင်စုတို့မှာ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ထိုနေရာတွေမှာ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း နေထိုင်လျက်ရှိပါတယ်။ အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာမှုအရ ဇန်နဝါရီ ၈ ရက်နေ့မှစပြီး ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို ည ၈ နာရီ ပိတ်ရမှာဖြစ်ပါတယ်။

(Photo: Reuters)

ထို့အတူ ဒေသခံတွေကို အရေးတကြီး မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန် ပန်ကြားခြင်း၊ တယ်လီဖုန်းနဲ့ အွန်လိုင်းမှ ဆက်သွယ်ကြရန် တိုက်တွန်းခြင်း၊ အားကစားပွဲနဲ့ အခြား ကြီးမားတဲ့ အခမ်းအနားတွေကို လူဦးရေ ၅,၀၀၀ အထိဖြင့် တက်ရောက်ခွင့် ကန့်သတ်ထားခြင်းတို့ စီမံဆောင်ရွက်မယ်လို့ သိရပါတယ်။

ယခု အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့ တိုကျိုအပါအဝင် စီရင်စုလေးခုမှာ ဘားဆိုင်နဲ့ စားသောက်ဆိုင် ၁၅၀,၀၀၀ ခန်ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၅၂,၀၀၀ ကျော်၊ သေဆုံးသူ ၃,၇၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂၂၃,၆၉၅ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က