"ဇန်နဝါရီ ၂၀ ရက် သမ္မတသစ်ကျမ်းကျိန်ပွဲကို ကျွန်တော် မသွားပါဘူး" လို့ ထရန့်က Twitter မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေ ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြပြီးနောက် နိုင်ငံရေးဖိအားများ ကြုံနေရတဲ့ သမ္မတဒေါ်နယ်ထရန့်က ရွေးကောက်ပွဲအနိုင်ရသူ ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို တက်ရောက်မှာမဟုတ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၈ ရက်) မှာ ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

ကွန်ဂရက်လွှတ်တော်က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့မှာ အစည်းအဝေးကျင်းပပြီး ဆွေးနွေးခဲ့စဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြရာ ကသောင်းကနင်း အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။



ထရန့်ကိုထောက်ခံသူတွေ ဆူပူအကြမ်းဖက်မှုကြောင့် ကွန်ဂရက်လွှတ်တော် အစည်းအ‌‌ဝေးကို ဇန်နဝါရီ ၆ ရက် ညပိုင်းကျမှ ပြန်လည်စတင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်းအထိ ဆက်လက် ဆွေးနွေးခဲ့ကြပြီးနောက် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုကြောင်း ဒုတိယသမ္မတမိုက်ပင့်စ်က ကြေညာခဲ့ပါတယ်။ လွှတ်တော်ကို ဆူပူအကြမ်းဖက် စီးနင်းခဲ့သူတွေကို FBI က ရှာဖွေဖမ်းဆီးနေကြောင်းလည်း သိရပါတယ်။

(လွှတ်တော်စီးနင်းမှုမှာ ပါဝင်ခဲ့ပြီး အဖမ်းခံရသူတစ်ဦး) (Photo: NY Post)

ကွန်ဂရက်လွှတ်တော်က ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပြီးနောက် သမ္မတထရန့်က အာဏာလွှဲပြောင်း‌ရေး အဆင်ပြေချောမွေ့စေမယ်လို့ ထရန့်က ကတိပြုထားခဲ့ပါတယ်။ ထိုသို့ ကတိပြုခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ထရန့်က သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပြီး ရာထူးလွှဲပြောင်းရယူမှု အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ဝါရှင်တန်ကနေ ထရန့် ထွက်ခွာမှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ ဆွေးနွေးနေကြတယ်လို့ ထိုကိစ္စနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။ ထရန့်ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာပြီးနောက် ၎င်းရဲ့ ဖလော်ရီဒါ အပန်းဖြေစခန်းသို့ သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။

(Image: @realDonaldTrump Twitter screengrab)

"မေးခွန်းမေးခဲ့ကြသူတွေအတွက်ပါ၊ ဇန်နဝါရီ ၂၀ ရက် သမ္မတသစ်ကျမ်းကျိန်ပွဲကို ကျွန်တော် မသွားပါဘူး" လို့ ထရန့်က Twitter မှာ ရေးသားခဲ့ပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရ Twitter က ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအကောင့်ကို အပြီးတိုင် ဆိုင်းငံ့ထားလိုက်ပြီ လို့ သိရပါတယ်။

ဒါ့အပြင် ထရန့်ကို ကိုယ်စားပြုတဲ့ အစိုးရဆိုင်ရာ Twitter အကောင့် @POTUS မှာ ရေးသားခဲ့တဲ့ Tweet အသစ်တွေကိုလည်း ဖျက်ပစ်ခဲ့ပြီး ၎င်းရဲ့ သမ္မတရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ရဲ့ အကောင့်ကိုလည်း Twitter က အသုံးပြုခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ Facebook ကတော့ ထရန့်ရဲ့အကောင့်ကို ဇန်နဝါရီ ၂၀ ရက် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပြီးချိန်အထိ သို့မဟုတ် ထိုကာလထက်ပိုကြာတဲ့အထိ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

(အမေရိကန်သမ္မတသစ် ဖြစ်လာမည့် ဂျိုးဘိုင်ဒန်) (Photo: Reuters)

လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေက ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြပြီးနောက် သမ္မတသက်တမ်း ၁၀ ရက်ကျော်မျှသာ ကျန်ရှိတော့တဲ့ ထရန့်ကို ရာထူးမှ ချက်ချင်းဖယ်ရှားရေး တောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော်က တရားဝင်အတည်ပြုခဲ့မှုအရ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က Electoral College မဲ ၃၀၆ မဲရရှိပြီး အနိုင်ရခဲ့ပြီး ထရန့်ကတော့ ၂၃၂ မဲရရှိခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ ပြည်နယ်တစ်ခုချင်းစီးမှာ လူဦးရေအပေါ်မူတည်ပြီး ကိုယ်စားလှယ်အဖွဲ့ရဲ့ ထောက်ခံမဲအရေအတွက် သတ်မှတ်ထားပြီး စုစုပေါင်း မဲအရေအတွက် ၅၃၈ မဲ ဖြစ်ပါတယ်။ ထိုမဲများအနက်မှ ထောက်ခံမဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။

(ဂျိူးဘိုင်ဒန် အနိုင်ရမှုကို ကွန်ဂရက်လွှတ်တော်က အတည်ပြုကြေညာစဥ်) (Photo: Xinhua)

ယခုအခါ ကွန်ဂရက်လွှတ်တော်က အပြီးသတ် အတည်ပြုမှုအရ ထရန့်ရဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းလဲရေး ကြိုးပမ်းမှုများ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားနဲ့အတူ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က