မုန်တိုင်းသက်ရောက်မှု အဆိုးဆုံးကြုံရတဲ့ မက်ဒရစ်မြို့မှာ နှင်းများထူထပ်စွာ ကျရောက်နေခဲ့ပါတယ်။

စပိန်မှာ မုန်တိုင်းဖီလိုမင်နာ (Storm Filomena) ကြောင့် ဆီးနှင်းများထူထပ်စွာ ကျရောက်နေခဲ့ရာ နိုင်ငံရဲ့ နေရာဒေသထက်ဝက်မှာ ယနေ့ (ဇန်နဝါရီ ၉ ရက်) ဆီးနှင်းပိုမိုကျရောက်လာနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

မုန်တိုင်းသက်ရောက်မှု အဆိုးဆုံးကြုံရတဲ့ မက်ဒရစ်မြို့မှာ လာမယ့် ၂၄ နာရီအတွင်း နှင်းထု ၈ လက်မအထိ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။ မက်ဒရစ်မြို့ရှိ လေဆိပ်နဲ့ လမ်းအများအပြားကို နှင်းထူထပ်စွာကျရောက်မှု အန္တရာယ်ရှိတာကြောင့် ပိတ်ထားကြောင်း သိရပါတယ်။



ယမန်နေ့ (ဇန်နဝါရီ ၈ ရက်) ညပိုင်းက နှင်းများထူထပ်စွာကျရောက်မှုကြောင့် မက်ဒရစ်မြို့အနီးရှိ အဝေးပြေးလမ်းမပေါ်မှာ ကားအစီးရေ အများအပြား သောင်တင်နေခဲ့ပါတယ်။ နှင်းထုကြားမှာ သောင်တင်နေခဲ့တဲ့ ယာဥ်မောင်းတွေက မီးသတ်သမားများထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

နေရာအချို့မှာတော့ လမ်းမများပိတ်ဆို့နေမှုကို ရှင်းလင်းရန် စစ်တပ်အကူအညီယူခဲ့ရပါတယ်။ ရာသီဥတုဆိုးရွားနေမှုကြောင့် မလိုအပ်ဘဲ ခရီးမသွားကြရန် စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒေသခံမီဒီယာက ဖော်ပြမှုအရ မက်ဒရစ်မြို့မှာ ယခု နှင်းကျမှုဟာ အနည်းဆုံး နှစ်ပေါင်း ၄၀ အတွင်း အထူထပ်ဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

စပိန်ရဲ့ မိုးလေဝသဌာန AEMET ကလည်း နှင်းများထူထပ်စွာကျရောက်မှုဟာ ထူးခြားနေပြီး သမိုင်းမှတ်တမ်းဝင်လောက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ မက်ဒရစ်မြို့ရှိ Puerta del Sol ရင်ပြင်မှာ ဆီးနှင်များထူထပ်စွာကျနေတဲ့ သဘာဝရှုခင်းနဲ့အတူ လူအများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဒရစ်မြို့ရှိ ပန်းခြံတွေကို ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ကမ္ဘာလှည့်ခရီးသည်များနဲ့ ဈေးဝယ်သူများဖြင့် အသွားအလာ စည်ကားများပြားနေလေ့ရှိတဲ့ မက်ဒရစ်မြို့ရဲ့ Gran Via လမ်းပေါ်မှာ နှင်းများဖုံးလွှမ်းနေပြီး အမျိုးသားတစ်ဦးက နှင်းလျှောစီးနေတဲ့ သတင်းဓာတ်ပုံကိုလည်း တွေ့ရပါတယ်။ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့မှာ အပူချိန်များ ဆက်လက် ကျဆင်းနေနိုင်ကြောင်းနဲ့ လာမယ့် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၄ ရက်) မှာ အနုတ် ၁၂ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က